ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်မှ ခေါ်ဆောင်သွားသည့် ရွာသား ၉ ဦး အနက် ၂နှစ်အရွယ် ကလေးတဦး၊ ၁၅ရက်သား ကလေးငယ်တဦးနှင့် ၎င်းတို့၏ မိခင်အပါအဝင် အမျိုးသား တဦး အမျိုးသမီးတဦး စုစုပေါင်း ၅ဦး တို့ကို ပြန်လွှတ်လိုက်ကြောင်း သတင်းရသည်။
တအန်းအမျိုးသမီးအဖွဲ့ (TWO) မှ သတင်းနှင့်မှတ်တမ်း ဌာန တာဝန်ခံ လွေးချစ်စနန်းက “ပြန် လွတ်တာ ၅ယောက်ပါ။ ကျန်၄ယောက်ကတော့ ပြန်မလွတ်သေးဘူး။ လွတ်လာတဲ့ သူတွေဆီက သိရ တာက ဟိုမှာ ဖမ်းထားတုန်းကတော့ ရိုက် နှက်တာတော့ မရှိဘူး။ ဒါပေမယ့် TNLA အကြောင်း နည်း နည်းပါးပါး မေးမြန်းတာရှိတယ်လို့ အဲ့ဒီလောက်ပဲ သိရတယ်” ဟု ပြောသည်။
ပြန်မလွတ်သေးသည့် ၄ဦးမှာ မန်ပန်ရွာမှ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတဦး၊ အခြားရွာမှ အမျိုးသား နှစ်ဦးတို့ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ အရပ်သား၉ ဦးကို နိုဝင်ဘာလ ၂၀ ရက်၊ နေ့လည်ပိုင်းက ကျေးရွာများအတွင်း ရှိနေစဉ် တပ်မတော်မှ ဝင်ရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ အရပ်သားများ ခေါ်ဆောင်ခြင်းမခံရမီ နိုဝင်ဘာလ ၂၀ရက်၊ မနက် ၃နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ နယ် နမ့်ဟူကျေးရွာနှင့် မန်ပန်ကျေးရွာ ကားလမ်းပေါ်၌ တပ်မတော်မှ ဗိုလ်ကြီးချမ်းမြေ့ထွန်းကို TNLA က လက်နက်များ နှင့်အတူ ဖမ်းဆီးခဲ့သည်။