ဥရောပ သမဂ္ဂ နိုင်ငံများ (EU) သို့ တင်ပို့နေသည့် ဆန်လုံးရှည် အပေါ် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရုပ်သိမ်း၍ အခွန်ကောက်ရေး နှင့် ပတ်သက်ပြီး ယခုလလယ်တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာလ အတွင်းက EU နိုင်ငံများ၏ ကန့်ကွက်မှုကြောင့် မြန်မာနိုင်ငံ အပေါ် GSP ရုပ်သိမ်းရန် သင့်၊ မသင့် ကို မကြာမီ ရက်ပိုင်း အတွင်း ၎င်းတို့က အကြောင်းပြန်မည်ဟု သိရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
EU အဖွဲ့က ရုပ်သိမ်းလိုသည့် ဆန်အမျိုးအစားမှာ ဆန်လုံးရှည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အများဆုံး တင်ပို့နေသော ဆန် အမျိုး အစားမှာ ဆန်ကွဲနှင့် ဆန်လုံးပု ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ဆိုသည်မှာ အချိန်ကာလ တခု အနေဖြင့်သာ ပေးအပ်သည့် အခွန်သက်သာခွင့် အမျိုးအစား တရပ် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနှင့် အခြား ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင် အထောက်အကူ ပြုစေ ရန် ပေးသည့် အထူး အခွင့်အရေး ဖြစ်သည်။
ယင်းကို မြန်မာနိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင်၍ ရရှိထားသော်လည်း လက်ရှိတွင် EU နိုင်ငံများက ၎င်းတို့ ၏ အမျိုးသား အကျိုးစီးပွားအရ GSP ကို ရုပ်သိမ်းရန် အတွက် နိုဝင်ဘာလ ဒုတိယ တပတ်အတွင်းက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“အခု EU အခွန် ကိစ္စကို ကျော်လွှားဖို့ မြန်မာနိုင်ငံ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာနကို EU ကော်မရှင်ကို တင်ပြ ထား တယ်။ မြန်မာနိုင်ငံက တင်ပို့နေတဲ့ ဆန်ကွဲ၊ ဆန်လုံးပုတွေ မပါဘူး။ ဆန်လုံးရှည်နဲ့ EU ဘက်မှာ ထွက်တဲ့ စပါး အမျိုး အစား လောက်ကိုပဲ အခွန်ကောက်ဖို့ လုပ်တာ။ ဒါကိုလည်း မြန်မာနိုင်ငံ အနေနဲ့ တင်ပြစရာရှိတာ အကုန်လုံးကို တင်ပြ ထားတယ်။ အခု ဒီဇင်ဘာလ အလယ်မှာ အဖြေထွက်မယ်လို့ သိရတယ်”ဟု ဦးအောင်သန်းဦးက ပြောသည်။
ဆန်၊ စပါး စိုက်ပျိုးသော EU နိုင်ငံများ ဖြစ်သည့် စပိန်နှင့် အီတလီနိုင်ငံတို့က GSP အခွင့်အရေး ရရှိထားသော မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ဆန်နှင့် ဈေးနှုန်း ယှဉ်ပြိုင် ရောင်းချနိုင်ခြင်း မရှိသဖြင့် GSP ရုပ်သိမ်းရန် EU အဖွဲ့သို့ တင်ပြထား ခြင်း ဖြစ်ကြောင်း ဦးအောင်သန်းဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက“နောက်ပြီးတော့ ဝယ်စားတဲ့ နိုင်ငံ တော်တော်များများကလည်း ဈေးသက်သာတာပဲ လိုချင်တာ ဖြစ် တဲ့ အတွက် EU နိုင်ငံ တော်တော်များများက ကျနော်တို့ဘက်ကပဲ ရပ်တည်မှာ ဖြစ်ပါတယ်။ မဲခွဲ ဆုံးဖြတ်ပြီးမှ အဖြေ သိရ မှာ ပေါ့”ဟု ပြောသည်။
လက်ရှိ EU နိုင်ငံများသို့ ဆန်တင်ပို့သည့် မြန်မာ ကုမ္ပဏီ ၁၅ ခု ရှိပြီး တင်ပို့ရာ၌ ဆန်ကွဲကို ၆၅ ရာခိုင်နှုန်းဖြင့် အများဆုံး တင်ပို့ကာ ဆန်ချော ၃၅ ရာခိုင်နှုန်း၊ ဆန်လုံးရှည်ကို ၁၀ မှ ၁၅ ရာခိုင်နှုန်းခန့်သာ တင်ပို့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆိုထားသည်။
မြန်မာနိုင်ငံမှ ဆန်ကွဲ တန်ချိန် ၃ သိန်းနှင့် ဆန်ဖြူ တန်ချိန် ၁ သိန်းကျော်နှင့် စုစုပေါင်း တန်ချိန် ၄ သိန်းကျော် EU ဈေးကွက် သို့ နှစ်စဉ် တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သိရသည်။