တရုတ်နိုင်ငံမှ ရထားတွဲများဝယ်ရန် တရုတ်နိုင်ငံမှ ယွမ် သန်း ၈၀ (ဒေါ်လာ ၁၁.၆ သန်း) ချေးယူမည့် အစိုးရ၏ အစီအစဉ်ကို လွှတ်တော်က ခွင့်ပြုလိုက်သည်။
ရိုးရိုးတန်းရထားတွဲ ၁၄ တွဲနှင့် ပထမတန်း ရထားတွဲ ၁၄ အပါအဝင် စုစုပေါင်း ၂၈ တွဲကို ရန်ကုန်မန္တလေး ရထားလမ်းတွင် အသုံးပြုမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ထိုရထားလမ်းပိုင်းကို နေ့စဉ် လူ ၁၀၀၀ ခန့်အသုံးပြုနေကြပြီး တတွဲလျှင် တနေ့ ကျပ်သုံးသန်း (ဒေါ်လာ ၁၉၀၀) ခန့် ဝင်ငွေရရှိနေသည်ဟု သိရသည်။
ရထားတွဲသစ်များဖြင့် ခရီးသည်များ ပိုမိုဘေးကင်းလုံခြုံ အဆင်ပြေရေးနှင့် မြန်မာ့မီးရထား၏ ဝင်ငွေကို မြှင့်တင်ခြင်းတို့ဖြင့် ဝန်ဆောင်မှု တိုးတက်စေရန် ရည်ရွယ်ကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်မောင်က ပြည်ထောင်စု လွှတ်တော်တွင် လွန်ခဲ့သောလက ပြောကြားခဲ့သည်။
ထိုအတိုးမဲ့ချေးငွေ ရယူရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၅ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက တာဝန်ရှိသူများအနေဖြင့် ကုန်ကျစရိတ်ကို ဂရုစိုက် စစ်ဆေးရန် တိုက်တွန်းသည်။
“အတိုးမဲ့ချေးငွေဆိုပေမယ့် ပစ္စည်းကို သူတို့ဆီကပဲ ပြန်ဝယ်နေရတယ်။ ဒီတော့ ရထားတွဲတွေရဲ့ အရည်အသွေးကောင်း မကောင်း၊ ဈေးနှုန်း မှန်မမှန် စစ်ဖို့အရေးကြီးတယ်။ တခြားနိုင်ငံတွေက ဝယ်ထာထက် ပိုကုန်ကျနေလား စစ်ဖို့လိုတယ်။ အတိုးမဲ့မဲ့ မမဲ့မဲ့ ချေးထားတဲ့ငွေကတော့ ပြန်ဆပ်ရမှာပဲ” ဟု ဒေါ်ချိုချိုပြောသည်။
ဒေါ်ချိုချိုထောက်ပြသော အချက်သည် လုံးဝမှန်ကန်ကြောင်း စီမံကိန်းနှင့် ဘာဏ္ဍာရေးဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာလ ၃ ရက်နေ့တွင်ပြောသည်။
“သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ ချေးငွေရဲ့ နောက်ဆက်တွဲ စာချုပ်ချုပ်တဲ့အခါ တိုင်းပြည်အတွက် မနစ်နာအောင် လုပ်ဖို့ လိုတယ်” ဟု ဒုဝန်ကြီးက ပြောသည်။