သတင်းတို

အစိုးရ အချက်အလက်ဌာနအတွက် တောင်ကိုရီးယား ချေးငွေယူရေး လွှတ်တော်တွင် ဆွေးနွေးရန်ရှိ

e-governance ဗဟိုအချက်အလက်ဌာန တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉၅ သန်းနီးပါး(ကျပ်ငွေ ၁၅၀.၇ ဘီလီယံ) ချေးယူရေး လွှတ်တော်ထောက်ခံမှု ရရှိရန် အစိုးရက ကြိုးပမ်းနေသည်။

နေပြည်တော်တွင် e-Government အချက်အလက် စုစည်းဌာနနှင့် ရန်ကုန်အနီး သံလျင်မြို့နယ်တွင် ၎င်းအရံဌာန တည်ဆောက်ရန် အစိုးရစီမံချက်ကို သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြည်ထောင်စုလွှတ်တော်တွင် တနင်္လာနေ့က ရှင်းလင်းတင်ပြခဲ့သည်။

ဒေါ်လာ ၁၀၄ သန်းကျော် ကုန်ကျမည့် အဆိုပါ ၃ နှစ်စီမံချက်ကို လွှတ်တော်က ထောက်ခံလျှင် လာမည့်နှစ် ဇန်နဝါရီလမှ စတင်၍ ဝန်ကြီးဌာန၏ သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဌာနခွဲအနေဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။ ယင်းစီမံချက်အတွက် လိုအပ်သည့်ဘဏ္ဍာငွေကို တောင်ကိုရီးယားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရံပုံငွေ (၎င်းကို သက်ဆိုင်ရာနိုင်ငံ၏ Exim က စီမံနေ) မှ ရရှိမည့်ချေးငွေ ဒေါ်လာ ၉၃ ဒသမ ၇၉၉ သန်းနှင့် မြန်မာအစိုးရဘတ်ဂျက်မှ ဒေါ်လာ ၁၀ ဒသမ ၄၆၇ သန်းတို့ဖြင့် သုံးစွဲသွားမည်ဖြစ်သည်။

အဆိုပါအချက်အလက်ဌာနအနေဖြင့် အွန်လိုင်းဝန်ဆောင်မှု၊ မြန်ဆန် လွယ်ကူစွာ ရနိုင်မည့် သတင်းအချက်အလက်များအား လူထုက ရရှိစေပြီး အစိုးရအချက်အလက်များလည်း ပိုမို စိတ်ချလုံခြုံလာမည်ဟု ဦးသန့်စင်မောင်က လွှတ်တော်သို့ ပြောသည်။

ကိုရီးယားနည်းပညာရှင်များသည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဌာနခွဲနှင့် eGIDC စီမံကိန်းအပေါ် ဖြစ်နိုင်ချေလေ့လာမှုအတွက် ယမန်နှစ်က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

အဆိုပါချေးငွေကာလမှာ နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်း ဝ.၀၁ ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောသည်။ “သို့သော် အကောင်အထည်ဖော်တဲ့ကုမ္ပဏီဟာ ကိုရီးယားနိုင်ငံက အသေးစား၊ အလတ်စား (သို့မဟုတ်) အလယ်အလတ်အဆင့် (သို့မဟုတ်) အကြီးစားကုမ္ပဏီတခုဖြစ်တယ်ဆိုရင်တော့ ချေးငွေဟာ အတိုးမဲ့ဖြစ်ပါလိမ့်မယ်” ဟု သူက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ လာမည့်သီတင်းပတ်တွင် အကျေအလည်ဆွေးနွေးပြီးနောက် အဆိုပါချေးငွေယူရန် ထောက်ခံမှုရရေး၊ မရရေးအတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

Loading