ဧရာဝတီတိုင်း ဖျာပုံ၊ ညောင်တုန်းနှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ သိမ်းဆည်းမြေများထဲမှ ပြန်လည်စွန့်လွှတ်မြေ ဧက ၁၄၀၀ ကျော်အား ဒေသခံ တောင်သူလယ်သမားများထံ ဒီဇင်ဘာလ ၉ ရက်က ပြန်လည်ပေးအပ်လိုက်ပြီ ဖြစ်သည်။
တိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီမှတဆင့် လယ်မြေ ၁၄၂၁ ဧကကို တောင်သူ ၅၂၉ ဦးထံ ပေးအပ်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင် က “ဒေသခံတောင်သူတွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ စွန့်လွှတ်တဲ့မြေတွေကို လက်ခံရရှိပြီးတော့ မိမိတို့ရဲ့ဘဝရပ်တည်ရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာမှာဖြစ်တဲ့ အတွက် ဒေသနဲ့ နိုင်ငံတော်အတွက်လည်း အကျိုးရှိလာမှာဖြစ်လို့ ကြိုးပမ်းဆောင်ရွက် သွားကြဖို့ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ဖျာပုံမြို့တွင် ပြုလုပ်သည့် စွန့်လွှတ်မြေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောဆိုသည်။
အဆိုပါမြေများကို ညောင်တုန်းမြို့နယ်ရှိ အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း၊ ဖျာပုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ သီးနှံဌာနခွဲ) နှင့် ကျောင်းကုန်းရှိ ဒါးက လျှပ်စစ် မြစ်ရေတင်စီမံကိန်း (ကညင်ကောက်) အတွက် သိမ်းဆည်းထားခြင်း ဖြစ်ပြီး ယာယီလယ်လုပ်ကိုင်ခွင့်ပြုပုံစံ ၃ ဖြင့် ပြန်လည်ပေးအပ်ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းတွင် မြို့နယ် ၅ မြို့နယ်ရှိ တောင်သူလယ်သမား ၈၉၂ ဦးအား မြေဧက ၈၁၉၃ ဧက ပြန်လည် လွှဲပြောင်းပေးအပ်ပြီးကြောင်း လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစ်ရေးကော်မတီစာရင်းများအရ သိရသည်။