အနာကြီးရောဂါဖြစ်ပွားသူများနှင့် ၎င်း၏မိသားစုဝင်များအား ခွဲခြားဆက်ဆံမှုများကို ယနေ့အထိမြင်တွေ့နေရပြီး ယင်း သို့ ခွဲခြားဆက်ဆံမှုကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသည့် အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံတွင် တိုက်တွန်းပြောကြားသည်။
ခွဲခြားဆက်ဆံမှုများသည် လူနာ၏ နေ့စဉ်ဘဝနေထိုင်မှုအပေါ် သက်ရောက်မှုရှိသည့်အပြင် လူနာသစ်ရှာဖွေခြင်း၊ ဆေးကုသမှု ပြီးဆုံးအောင် လိုက်နာခြင်းနှင့် နောက်ဆက်တွဲပြဿနာများအား ကုသခြင်းတို့ကိုလည်း အဟန့်အတားဖြစ်စေကြောင်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် က “အနာကြီးရောဂါလူနာနှင့် မိသားစုဝင်များကို ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းကြောင့် လူနာသစ်ရှာ ဖွေခြင်း၊ ဆေးကုသမှုပြီးဆုံးအောင် လိုက်နာခြင်းနှင့် ရောဂါနောက်ဆက်တွဲ ပြဿနာများ ကုသခြင်းတို့ကို အဟန့်အတား ဖြစ်သည့်အပြင် လူထုအတွင်း ကူးစက်မှုတားဆီးရေးကို ထိခိုက် စေမည်ဖြစ်သည့်အတွက် မှန်ကန်သော လူမှုရေးအမြင်ကို ရရှိအောင်ဆောင်ရွက်ကြရမည်” ဟု ပြောသည်။
သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အနာကြီးရောဂါနှင့်ပတ်သက်၍ လူထုအတွင်း မှန်ကန်သည့် လူမှုရေးအမြင် ရရှိရေးအတွက် ပညာပေးလုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပြီး မှားယွင်းသည့် အသိများပြန်လည်တည့်မတ်လာရေးအတွက်လည်း ပြည့်သူ့နီတိတွင် ပညာပေးထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်းလည်း ထောက်ပြခဲ့သည်။
“ခွဲခြားဆက်ဆံမှုပပျောက်ဖို့ ဝိုင်းဝန်းလက်တွဲဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အနာကြီးရောဂါ တိုက်ဖျက်ရေးညီလာခံကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ တွင် နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး အနာကြီးရောဂါဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းကိုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။