ပြည်တွင်းဘဏ်လုပ်ငန်းများ အနေဖြင့် ဘဏ်ခွဲများ ဖွင့်မည်ဆိုပါက ဗဟိုဘဏ် ခွင့်ပြုချက် ရယူမည်ဖြစ်ကာ ခွင့်ပြုချက်မရဘဲ ဖွင့်မည်ဆိုပါက ကျပ်သိန်း ၂၀၀ ကျော် ဒဏ်ရိုက်မည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက “စည်းကမ်း ပိုရှိလာဖို့ လိုတယ်။ အဲဒါကြောင့် ခွင့်ပြုချက်မရှိဘဲနဲ့ ဘဏ်ခွဲ ဖွင့်ထားတာတွေ ရှိလို့ရှိရင် ကျနော်တို့က သူတို့ ပိတ်ချင်လည်း ပိတ်၊ မပိတ်ချင်လည်း ဆက်ဖွင့်မယ်ဆိုရင် ကျနော်တို့က ဒဏ် ကျပ်သိန်း ၇၀ ကျော် ရိုက်မယ်။ ဒီဇင်ဘာကျော်လို့ ဇန်နဝါရီ၊ ဖေဖော်ဝါရီဆိုရင် ဒဏ် သိန်း ၂၀၀ ကျော် ရိုက်မယ်” ဟု ဆိုသည်။
လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံပိုင်ဘဏ် ၄ ခု၊ ပုဂ္ဂလိက ပြည်တွင်းဘဏ် ၂၅ ခုနှင့် နိုင်ငံခြားဘဏ် ၁၃ ရှိနေပြီး မြန်မာနိုင်ငံ တဝှမ်း၌ ပုဂ္ဂလိက ဘဏ်ခွဲပေါင်း ၁၀၀၀ ကျော် ရှိကာ ကမ္ဘောဇဘဏ်မှာ ဘဏ်ခွဲပေါင်း ၅၀၀ ကျော်နှင့် ဘဏ်ခွဲအများဆုံး ဖြစ်သည်။
ဧရာဝတီဘဏ်မှာ ဘဏ်ခွဲပေါင်း ၂၃၄ ခုနှင့် သမဝါယမ CB ဘဏ်မှာ ဘဏ်ခွဲပေါင်း ၁၅၀ ကျော်ထိ ရှိနေကြောင်း ဗဟိုဘဏ်အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် တရားမဝင် ဘဏ်ခွဲ ဖွင့်ထားသည့် ဘဏ်နှင့် ဘဏ်ခွဲအရေအတွက်ကို သိရှိနိုင်ရန်အတွက် ဗဟိုဘဏ်သို့ ဧရာဝတီက ဆက်သွယ်ခဲ့ရာ ဗဟိုဘဏ် ဒုညွှန်ကြာရေးမှူး ဒေါ်တင်ညိုထွန်း က “ကျမသည် ပြန်ကြားရေး ဖြေသည့်သူလည်း မဟုတ်ကြောင်းနှင့် မေးမြန်းသည်နှင့် ပတ်သက်၍ ဖြေဆို၍ မရကြောင်း” ဧရာဝတီသို့ ပြောသည်။
ဘဏ်များအနေဖြင့် ဘဏ်ခွဲဖွင့်မည်ဆိုပါက ဗဟိုဘဏ်သို့ အကြောင်းကြား၊ အစစ်ဆေးခံရကာ ခွင့်ပြုချက်ရမှသာ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ဘဏ်ခွဲဖွင့်လှစ်ခြင်း လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်၍လည်း ဗဟိုဘဏ်က မဖြေကြားခဲ့ပေ။
ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးအရာရှိ ဦးသန်းလွင်က “သူများနိုင်ငံက အစဉ်အလာကျတော့ ခွင့်ပြုချက်တောင် မလိုဘူး။ ယိုးဒယား (ထိုင်း) တို့ ဘာတို့ အန်ကယ်သိသလောက်ဆိုရင် ပုဂ္ဂလိကဘဏ်တွေ ဘဏ်ခွဲဖွင့်မယ်ဆိုရင် ဗဟိုဘဏ်ကို အကြောင်း ကြားလိုက်တယ်။ ခွင့်ပြုချက်တောင် မလိုဘူး၊ ဖွင့်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဘဏ်ဖွင့်စေချင်တာကိုး။ တိုင်းပြည်အတွက် ကောင်းတယ်လေ။ အခုက ဘဏ်ဖွင့်တာနဲ့ကိုပဲ အပြစ်တခုလို ဒီတိုင်းပြည်မှာ ဖြစ်နေတယ်။ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ မြန်မာနိုင်ငံပေါ့” ဟု ပြောသည်။