နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လအတွင်း ဝင်ရောက်သည့် ပမာဏမှာ ယခင်နှစ် ကာလတူ အချိန်ထက် နှစ်ဆကျော် များလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန DICA ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅၅ သန်းကျော်ရှိရာမှ ယခုနှစ် ကာလတူအချိန်တွင်မူ ၇၈၉ သန်းကျော်အထိ ခွင့်ပြုထားသည့်အတွက် နှစ်ဆကျော် များနေခြင်း ဖြစ်သည်။
DICA ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး က “ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာကတော့ ရန်ကုန်တိုင်းမှာဆိုရင် မနှစ်က လုပ်ငန်း ၁၉ ခုလောက်ပဲ ခွင့်ပြုနိုင်တယ်။ ဒီနှစ်ဆိုရင် ၂၅ ခု အထိ ဖြစ်လာတယ်။ သီလဝါမှာဆိုလည်း မနှစ်က ၁ ခုပဲ ဝင်တယ်။ ဒီနှစ် ၂ ခု ဝင်တယ်။ နောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မနှစ်က ဝင်ရောက်တာ မရှိခဲ့တဲ့ ကယားတို့၊ တနင်္သာရီတိုင်း ဆိုလည်း ဒီနှစ်မှာ ဝင်တယ်။ ဒါတွေကြောင့် ဖြစ်တယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး အချို့သော ခွင့်ပြုပြီး လုပ်ငန်းများက ရင်းနှီးမှုပမာဏ တိုးမြှင့်လာခြင်းကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။
အသစ်ဝင်ရောက်သည့် လုပ်ငန်းများမှာ သီလဝါ စက်မှုဇုန်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဖြစ်ပြီး ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းတွင်မူ ခရီးသွားကဏ္ဍ၌ ဖြစ်သည်။