ရွှေနှင့် သတ္တု လုပ်ကွက် ပါမစ် လျှောက်လွှာ ၂၀၀ နီးပါး လာမည့်နှစ် အတွင်း ချထားပေးရန် စိစစ်လျက် ရှိ ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦး က ပြောသည်။
NLD အစိုးရ လက်ထက်တွင် နိုင်ငံအတွင်းရှိ ရွှေအပါအဝင် သတ္တု လုပ်ကွက်သစ်များ ချထားပေးခြင်းအား ယာယီ ဆိုင်းငံ့ခဲ့ပြီးနောက် ၂၀၁၈ ဇူလိုင်မှ စ၍ လုပ်ကွက်များ ပြန်လည် ချထားပေးရန် အတွက် မှတ်ပုံတင် စနစ်ဖြင့် လျှောက် ထားရန် အဆိုပြုလွှာများ လက်ခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေ အပါအဝင် ခဲမဖြူ၊ အဖြိုက်နက် စသည့် သက်ဆိုင်ရာ သတ္တု တူးဖော်ရေး လုပ်ငန်းရှင်များထံမှ တူးဖော်ခွင့် ပါမစ် ရရန် အတွက် လျှောက်လွှာပေါင်း ၁၀၃၀ ကို လက်ခံရရှိခဲ့သည့် အနက် ဌာနက သတ်မှတ်ထားသည့် အချက်အလက် များဖြင့် ပြည့်ပြည့်စုံစုံ တင်ပြ လျှောက်ထားသည့် လျှောက်လွှာမှာ ၁၉၃ ခုသာ ရှိကြောင်း ဦးမင်းမင်းဦး က ဆိုသည်။
၎င်းက“အချက်အလက် လိုတာက အဓိကကတော့ လျှောက်ရမယ့် ပုံစံနဲ့ ကွဲလွဲတာ ရှိတယ်။ တင်ပြရမယ့် စာရင်း ဇယား တောင်းတဲ့ အခါ လိုတာတွေ ရှိတယ်။ ခွင့်ပြုမိန့် ကျပြီးသား လုပ်ကွက်ကို ထပ်လျှောက်မိတာကိုလည်း အချက် အလက် မပြည့်စုံဘူးလို့ သတ်မှတ်တယ်”ဟု ဧရာဝတီကို ပြောသည်။
အချက်အလက် ပြည့်စုံသည့် လျှောက်လွှာ ၂၀၀ နီးပါးအား ပြည်ထောင်စု ဝန်ကြီး ဌာန အစည်းအဝေးတွင် တင်ပြ ဆုံး ဖြတ်ပြီးပါက သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား မှတ်ချက် တောင်းခံ၍ မှတ်ချက် ရရှိပါက ရှေ့နေချုပ်ရုံးသို့ တင်ကာ ခွင့်ပြုချက် ချထားပေးမည် ဖြစ်ကြောင်း သိရသည်။
“တိုင်းအစိုးရရဲ့ သဘောထား မှတ်ချက် ပြန်ပေးတဲ့ ကာလ အပေါ် မူတည်သွားမှာပါ။ တချို့ကျ တလ အတွင်း ပြန်ပေး တယ်။ တချို့ ၄၊ ၅၊ ၆ လကြာမှ ပြန်ပေးတယ်။ သူတို့အနေနဲ့ အောက်ခြေ အဆင့်အထိ စိစစ်စရာတွေ ရှိတော့ အချိန် တခုတော့ ယူရတယ်”ဟု အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက ရှင်းပြသည်။
ယခင် အစိုးရ လက်ထက်က သတ္တု လုပ်ကွက် လျှောက်ထားသည့် ဒေသမှ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရတို့ ၏ သဘောထား မှတ်ချက် တောင်းခံခြင်းသည် ၄၅ ရက် အတွင်း ရရှိပြီး ယခု အစိုးရ လက်ထက်တွင် အချိန်သတ်မှတ် ချက် မရှိတော့ဘဲ တိုင်းမှ မြို့နယ် အောက်ခြေ အဆင့်ထိ လိုအပ်သည့် အချက်များအား စိစစ် ဆောင်ရွက်ရသဖြင့် အချိန် ကြာမြင့်မှု ရှိကြောင်း သတ္တု လုပ်ငန်းရှင်များက ပြောသည်။
စစ်ကိုင်းတိုင်း ဗန်းမောက် မြို့တွင် အလတ်စား ရွှေတူးဖော်ခွင့် လျှောက်ထားသူ သတ္တု လုပ်ငန်းရှင် ဦးတင်ရွှေက “ထုတ်လုပ်မှုမှာ ပြောရမယ် ဆိုရင် တို့ပညာရှင်က သတ္တု ဖြစ်မြောက်နိုင်စွမ်း လေ့လာတဲ့ အခါမှာ ဖြစ်နိုင်ခြေကို အဆင့် တခု ရောက်တဲ့ အထိ ရောက်အောင် တွက်ပေးရတယ်။ အဲဒီမှာ သူတို့ လိုချင်တာနဲ့ ကျနော်တို့ တွက်ပေးတာ မကိုက်ရင် အချက်အလက် မပြည့်စုံဘူးလို့ သတ်မှတ်ခံရတယ်။ အဲဒါ အဓိက အခက်အခဲပဲ”ဟု ဧရာဝတီကို ပြော သည်။
အလားတူ သတ္တု ကဏ္ဍတွင် တရားမဝင် လုပ်ကွက် အရေအတွက်သည် တရားဝင် မှတ်ပုံတင်ဖြင့် လုပ်သည့် လုပ် ကွက် ထက် ၁၀ ဆမက ပိုများနေသည့် အတွက် ယင်းတို့ကို တရားဝင်အဖြစ် ရောက်ရှိရန် ရိုးရှင်းမြန်ဆန်သည့် ခွင့်ပြုမိန့် ချထားပေးခြင်း စနစ်ကို ကျင့်သုံးရန် လိုအပ်သည်ဟု သတ္တု လုပ်ငန်းရှင်များက ပြောဆိုကြသည်။
သတ္တု လျှောက်လွှာများ အနက် ရွှေလုပ်ကွက် တူးဖော်ခွင့်ရရန် မန္တလေး၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တို့၌ လျှောက် ထားခြင်းက အများဆုံး ဖြစ်ကြောင်း သိရသည်။