လူလတ်တန်းစား ဈေးကွက် အတွက် ရည်ရွယ်၍ အိမ်ရာများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း စတင် ရောင်းချပေးသွား မည် ဖြစ်ကြောင်း Yoma ကုမ္ပဏီ အုပ်စု ဥက္ကဋ္ဌ Serge Pun (ခ) ဦးသိမ်းဝေက ပြောသည်။
ယနေ့ ရန်ကုန်မြို့ Pullman Yangon Centerpoint Hotel တွင် ပြုလုပ်သော City Loft စီမံကိန်း အကြောင်း မီဒီယာ စကားဝိုင်း၌ ၎င်းက ပြောခြင်း ဖြစ်သည်။
အဆိုပါ အိမ်ရာကို သန်လျင်မြို့နယ် Star City အိမ်ရာဝင်း၌ City Loft အိမ်ရာများအဖြစ် ဖော်ဆောင်မည် ဖြစ်ကာ အရစ်ကျ ရောင်းချပေးသွားမည်ဟု ဦးသိမ်းဝေက ဆိုသည်။
“အခန်း အရေအတွက် ဘယ်လောက် ဆောက်မယ် ဆိုတာ မသတ်မှတ်ထားဘူး။ ဈေးကွက် လိုအပ်ချက်ပေါ် မူတည် တယ်။ အခု ပြထားတာတော့ အခန်းပေါင်း ၂ ထောင်ကျော် ရှိတယ်။ Phase 1, A ကို ၂၅၀ နဲ့ Phase 1,B ကို ၃၁၅၊ အခန်း ၅၀၀ ကျော် သတ်မှတ်ထားတယ်။ ဝန်ထမ်းတွေနဲ့ FMI အစု ရှယ်ယာရှင်တွေကို ဦးစားပေးတယ်။ သူတို့တွေ ဝယ်ပြီးတဲ့ နောက်မှာ ပုဂ္ဂလိကကို ရောင်းပေးမယ်။ ဇန်နဝါရီလထဲလောက် ဖြစ်မယ်”ဟု ၎င်းက ပြောသည်။
ဝယ်သည့် အင်အားကို ကြည့်၍ တိုက်ခန်း အရေအတွက်ကို တိုးမြှင့် တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် တန်ဖိုးသင့် အိမ်ရာ လိုအပ်ချက်အနေဖြင့် သောင်းနှင့်ချီဆောက်လျှင်ပင် မလောက်ငကြောင်း ဦးသိမ်းဝေ က ပြောဆိုသည်။
Star City အိမ်ရာဝင်း အတွင်းရှိ မြေ ၂၂ ဧက ကျယ်ဝန်းသော နေရာ၌ City Loft ၏ ပထမ အဆင့် တည်ဆောက်မှုကို ၂၀၁၉ ခုနှစ် မတ်လ အတွင်း စတင် သွားမည် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ City Loft အိမ်ရာ စီမံကိန်းရှိ ပထမ အဆင့် အိမ်ခန်းများ၏ ဈေးနှုန်းသည် အကျယ်အဝန်းနှင့် အမျိုးအစား အပေါ် မူတည်၍ ကျပ် သိန်း ၄၂၀ မှ ကျပ် သိန်းပေါင်း ၁၆၀၀ အထိ ရှိမည်ဖြစ်ပြီး ဝယ်ယူသူများ အနေဖြင့် စရန်ငွေ ၃၀ ရာခိုင်နှုန်း ပေးသွင်း၍ ကျန် ၇၀ ရာခိုင်နှုန်းကို ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ၂၅ နှစ် အတွင်း အရစ်ကျ ပေးချေ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
စရန်ငွေ အားလုံး ပေးချေပြီးသည်နှင့် အိမ်ခန်း ဝယ်ယူသူသည် တလလျှင် ကျပ် ၄ သိန်းပေးချေ၍ ပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။
ဦးသိမ်းဝေက“အတိုးနှုန်းက များတယ် မထင်ဘူးလားဆိုတော့ များတယ်လို့ ကျနော် မထင်ဘူး။ မြန်မာနိုင်ငံမှာ ငွေသွား ချေး လို့ ရှိရင် ၁၃ ရာခိုင်နှုန်း၊ ဂျပန်မှာ သွားချေးရင် ၁ ဒသမ ၅ ရာခိုင်နှုန်း ဘာကြောင့် ကွာနေလဲ၊ ဒါက နိုင်ငံတခုရဲ့ စီးပွား ရေး ကဏ္ဍ ငွေရေး ကြေးရေး တန်ဖိုး ဖြစ်တယ်။ အဲဒီ အချက်အလက်ပေါ်မှာ နောက်ဆုံးအတိုးက ဘယ်လောက်လဲ ဆိုတာ သတ်မှတ်တာ ဖြစ်တယ်။ ဥပမာပြောရင် အင်ဒိုနီးရှားက အရင်က အတိုးနှုန်း ၂၄ ရာခိုင်နှုန်း ဒီနေ့ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင် နှုန်းပဲ ရှိတယ်”ဟု ရှင်းပြသည်။
နိုင်ငံ အခြေအနေ ပြောင်းလဲလာသည့် အပေါ်တွင် အတိုးနှုန်းလည်း လိုက်ပါ ပြောင်းလဲ သွားနိုင်မည့် အခြေအနေတွင် ရှိနေကြောင်းလည်း ၎င်းက ပြောသည်။
အလုံမြို့နယ်တွင် နေထိုင်သူ ဦးအေးထွန်းက“ကျနော် ကျပ် သိန်း ၆၅၀ ကျော်တန် အိမ်ခန်းကို ဝယ်လိုက်တယ်။ အဓိက တော့ ကျနော်က FMI ရှယ်ယာလည်း ဝယ်ထားတယ်။ အခုက ဝယ်မယ်ဆိုရင် ၁ ရာခိုင်နှုန်း စပေးရတယ်။ အခု သိန်း ၆၅၀ တန် ဝယ်မယ်ဆိုရင် ကျပ် ၆ သိန်း ၅ သောင်း စပေးလိုက်တယ်။ ကျန်တဲ့ ၉ ရာခိုင်နှုန်းက လုပ်ငန်းစမယ့် ၂၀၁၉ ခုနှစ်မှ ပေးရမယ်”ဟု ပြောသည်။
ထိုမှ တဆင့် ၁၀ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းကို ပေးချေပြီး ကျန်ရှိသော ၇၀ ရာခိုင်နှုန်းကို ၂၅ နှစ်အတွင်း ပေးချေရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပဲခူးမြစ်ကမ်းပါး တလျှောက်နှင့် သန်လျင်မြို့နယ်တွင် တည်ရှိသော Star City အိမ်ရာသည် မြေ ၁၃၅ ဧက ကျယ်ဝန်းပြီး သီလဝါ အထူးစီးပွားရေးဇုန် အတွင်း တည်ရှိသည်။
လက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချပေးလျက် ရှိသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများလည်း ရှိနေပြီး တချို့အိမ်ရာများမှာ သွားလာရ အလှမ်းဝေးခြင်းနှင့် ဘဏ်အတိုးနှုန်း ကြီးမြင့်ခြင်း တို့ကြောင့် ဝယ်ယူလိုသူ နည်းပါးနေကြောင်းလည်း ဈေးကွက် အတွင်းက သိရသည်။