ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီနှင့် လုပ်ငန်းရှင် အမည်ပေါက် သိမ်းယူထားသည့် လယ်ယာမြေများအား မူလတောင်သူများထံ တရားဝင် ပြန်ပေးရေးနှင့် ဥပဒေမဲ့ လုပ်ဆောင်နေသည့် ကုမ္ပဏီများကို အရေးယူပေးရန် မြေသိမ်းခံ တောင်သူ ၁၀၀ ကျော်က ယနေ့ ဆန္ဒထုတ်ဖော်လိုက်သည်။
ဆန္ဒပြပွဲကို လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာအုပ်စုမှ လယ်သိမ်းခံ တောင်သူများက ဦးဆောင်ခြင်းဖြစ်ကာ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ် တရားရုံးနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးများရှေ့တွင် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ လှည့်လည် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော်သူများက “ဒေသခံံတောင်သူများ မြေယာလုပ်ပိုင်ခွင့် တရားဝင်ရရှိရေး”၊ “ကုမ္ပဏီများမှ ဥပဒေမဲ့ လုပ်ဆောင် နေမှုများအား အရေးယူပေးရေး”၊ “လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးးနှင့် မြို့နယ်မြေစာရင်းဦးစီးမှူး အလိုမရှိ”၊ “ဥပဒေမဲ့ မြေယာရရှိနေသည့် ကုမ္ပဏီလုပ်ငန်းရှင်များ အလိုမရှိ”၊ “ဒေသခံတောင်သူများကို တရားစွဲဆိုမှုများ ချက်ချင်းရပ်” စသည်ဖြင့် ကြွေးကြော် ဆန္ဒဖော်ထုတ်ကြသည်။
ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ချင်းလယ်ကျေးရွာမှ လယ်သိမ်းခံတောင်သူ ဦးစိုးမြင့် က “ကုမ္ပဏီတွေက သိမ်းဆည်း လယ်ယာမြေတွေကို တရားဝင် စွန့်လွှတ်ပေးတယ်လို့ ကြေငြာထားပေမယ့် အခုအချိန်အထိ မြေစာရင်းက လာပြီး တိုင်းထွာမပေးသေးဘူး။ ကျနော်တို့ဆီက သိမ်းသွားတဲ့မြေတွေကို တရားဝင် ပြန်လည် ပေးအပ်တာတွေ ဆောင်ရွက်ပေးဖို့ တာဝန်ရှိလူကြီးများထံ တောင်းဆိုတဲ့အနေနဲ့ အခုလို ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ချင်းလယ်ကျေးရွာ အုပ်စုရှိ လယ်ယာမြေ ဧက ၁၀၀၀ ကျော်ကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် လျော်ကြေးမပေးဘဲ ကုမ္ပဏီနှင့် လုပ်ငန်းရှင်များက စစ်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါမြေများမှာ ယခင်က ဒေသခံ တောင်သူများ အပိုင်ဖြစ်သည်ဟု သိရသည်။
ယင်းလယ်မြေများ ပြန်ပေးရန်အတွက် အာဏာပိုင်အဆင့်ဆင့်သို့ တင်ပြခဲ့ရာ စီမံကိန်း မလုပ်ဆောင်သည့် မြေအချို့ကို ကုမ္ပဏီနှင့် လုပ်ငန်းရှင်များက စွန့်လွှတ်ပေးခဲ့သော်လည်း ယခုအချိန်အထိ မူလတောင်သူများ ပြန်မရသေးသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်းလည်း ဖြစ်သည်။