ရန်ကုန်နှင့် ဧရာဝတီတိုင်း ဆက်သွယ်နိုင်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားကို ၂၀၂၂ ခုနှစ်တွင် အပြီး တည်ဆောက်မည်ဟု ကိုရီးယားနိုင်ငံ ဝါရင့်စီးပွားရေးအကြံပေးနှင့် သမ္မတအိမ်တော် ကော်မတီဥက္ကဋ္ဌ မစ္စတာ ကင်ယောင်ချူးက ပြောသည်။
အဆိုပါ တံတားမှာ ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းတို့ ဆက်သွယ်တည်ဆောက်ခြင်းဖြစ်ပြီး တံတားအရှည် ၆၁၄၄ ပေရှိပြီး လေးလမ်းသွား ခေတ်မီ ကြိုးဆိုးတံတားအမျိုးအစား ဖြစ်သည်။
တံတားပြီးစီးပါက ရန်ကုန်တိုင်း ဒလ၊ တွံ့တေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်မှတဆင့် ဧရာဝတိုင်းနှင့် အပြန်အလှန် ကူးလူးဆက်သွယ်နိုင်မည် ဖြစ်ပြီး တံတားပန္နက်ချပွဲကို ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ကာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။
မစ္စတာ ကင်ယောင်ချူး က “ဒီတံတားက ဒလဒေသမှာ နေထိုင်တဲ့ လူနေမှုပုံစံကို မြင့်တင်ပေးတဲ့နေရာမှာ များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒလနေ ပြည်သူတွေအနေနဲ့ လက်ရှိလမ်းကို အသုံးပြုရင် ရန်ကုန်ဘက်ကို သွားဖို့ ၂ နာရီကျော်ကြာတယ်။ တံတားကြီးပြီးသွားရင် မိနစ် ၃၀ ဆယ်အောက်သာ ဆောင်ရွက်နိုင်မှာဖြစ်တယ်” ဟု ပြောသည်။
ချစ်ကြည်ရေး ဒလတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေ အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၃၃ သန်းဖြင့် တည်ဆောက်ကာ စုစုပေါင်း ခန့်မှန်းကုန်ကျငွေမှာ ၁၆၈ ဒသမ ၁၇၃ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။
ချေးငွေမှာ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ချေးငွေဖြစ်ပြီး လက်ရှိ တံတားနှင့် မလွတ်ကင်းသည့် မြေပိုင်ရှင်များအတွက် ကျပ်ငွေ ၃ ဒသမ ၆၄ ဘီလီယံ ပေးလျော်ထားသည်ဟု သိရသည်။