ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ပထမဆုံး လေကြောင်းခရီးစဉ် ပြေးဆွဲမှုကို ဒီဇင်ဘာလ ၂၅ ရက်က စတင်ပြေးဆွဲနေပြီ ဖြစ်သည်။
ခရီးသည် ၇၂ ဦး တင်ဆောင်နိုင်သည့် ပြင်သစ်နိုင်ငံထုတ် ATR 72-600 အမျိုးအစား လေယာဉ်ဖြင့် ပြေးဆွဲခြင်းဖြစ်ကာ နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် အေးရှားဝေါလ် ကုမ္ပဏီအုပ်စု လက်အောက်ခံ International Travel Asia ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင် ပြေးဆွဲပေးခြင်း ဖြစ်သည်။
လေယာဉ်စီးနင်းခအဖြစ် ရန်ကုန်- ပုသိမ်ခရီးစဉ်အတွက် နိုင်ငံခြားသားတဦးလျှင် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာနှင့် နိုင်ငံသားအတွက် ၅၅၀၀၀ ကျပ်၊ ပုသိမ်-ရန်ကုန်ခရီးစဉ်အတွက်မူ နိုင်ငံခြားသားအတွက် ၅၃ ဒေါ်လာနှင့် နိုင်ငံသားအတွက် ၅၃၀၀၀ ကျပ် ဖြစ်သည်။
လေကြောင်း ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ညနေ ၃ နာရီမှ ၄ နာရီ ၃၀ မိနစ်အထိ တနေ့လျှင် အသွားအပြန် တကြိမ် ပျံသန်းပြေးဆွဲမည် ဖြစ်သည်ဟု သိရသည်။
ပထမဆုံး ပျံသန်းပြေးဆွဲမှု ပြုလုပ်သည့် ဒီဇင်ဘာလ ၂၅ ရက်က လိုက်ပါစီးနင်းသည့် ခရီးသည်များအား ဧရာဝတီတိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့သေးသည်။