အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှု ဖွင့် ခံထားရသည့် မန္တလေးတိုင်း ဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနမှ ဌာနခွဲ စာရေး ဒေါ်သူဇာအား ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာလ ၂၇ ရက်က မန္တလေးတိုင်း ဒေသကြီး တရားရုံး၌ ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်။
မန္တလေးတိုင်း ဒေသကြီး တရားရေး ဦးစီးမှူး၊ တရားရုံး သတင်း ပြန်ကြားရေး အရာရှိ ဒေါ်ခင်ခင်ချိုက“အဂတိ လိုက်စား မှုနဲ့ စစ်ဆေးနေတာပါ။ ငွေကြေး ပေးခဲ့ရတယ် ဆိုတဲ့ ကုမ္ပဏီတွေက ၂ ဦးကို တရားလိုပြ သက်သေ အဖြစ် စစ်ဆေးခဲ့တာပါ။ အမှုမှာ တရားခံလို့ စွပ်စွဲခံရသူက၂ ဦးပါ။ တဦးက ထွက်ပြေး တိမ်းရှောင်နေပါတယ်”ဟု ပြောသည်။
အဆိုပါ ရုံးထုတ်၌ တရားလိုပြ သက်သေ အဖြစ် ငွေကြေးပေးခဲ့ရသည့် ကုမ္ပဏီများမှ တာဝန်ရှိသူ၂ ဦးအား စစ်ဆေးခဲ့ပြီး နောက်ထပ် ရုံးချိန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ပြန်လည် ချိန်းဆိုကြောင်း သိရသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) က မန္တလေးတိုင်း ဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ်သူ အရာရှိ တိုင်းဦးစီးမှူး ဒု ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲ စာရေး ဒေါ်သူဇာ တို့ကို လာဘ်စားမှု ဖြင့် အောက်တိုဘာ ၃၁ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှု ဖွင့်ခံထားရသူများသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု ရန်ပုံငွေ ဘတ်ဂျက်နှင့် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေ ဘတ်ဂျက်တို့မှ ကျေးလက်လမ်း လုပ်ငန်းများ တင်ဒါခေါ်ယူ ဆောင်ရွက်ရာ၌ လုပ်ငန်း ပြီးစီးမှုအရ ၂၅ ရာ ခိုင်နှုန်းကို လုပ်ငန်း တန်ဖိုးငွေ အဖြစ် တင်ဒါ အောင်သော ကုမ္ပဏီ ၆ ခုအား ခွဲဝေ ထုတ်ပေးခဲ့သည်ဟု ACC က ထုတ်ပြန် ထားသည်။
ထိုသို့ ငွေထုတ်ပေးရာ၌ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြု၍ တင်ဒါအောင် ကုမ္ပဏီများထံမှ ၃ ရာခိုင်နှုန်း ဖြစ်သည့် ငွေကျပ် ၁၀ ဒသမ၂၇၈ သန်းအား ရုံးစရိတ်၊ ငွေထုတ် စရိတ် အကြောင်းပြကာ အကြိမ်ကြိမ် အပိုကြေး ဖြတ်တောက် တောင်းခံရယူကြောင်း စစ်ဆေး ပေါ်ပေါက်သည့် အတွက် အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသို့ အဂတိ လိုက်စားခဲ့ကြောင်း စစ်ဆေး တွေ့ရှိချက်ကို မန္တလေးတိုင်း အစိုးရ အဖွဲ့က လွှဲစာပေးပို့ကာ တိုင်ကြား ခြင်းကြောင့် ကော်မရှင်က စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ခြင်းဟု သိရသည်။
ထိုသို့ စစ်ဆေး ပေါ်ပေါက်သည့် အတွက် တိုင်းဦးစီးမှူး၊ ဒု ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်အား ၂၀၁၃ ခုနှစ် အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ ဌာနခွဲ စာရေး ဒေါ်သူဇာအား ၂၀၁၃ ခုနှစ် အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း အရေးယူ ဆောင်ရွက်ရန် မြစ်ငယ် နယ်မြေ ရဲစခန်းတွင် အောက်တိုဘာလ ၃၁ ရက်က ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ အမှု ဖွင့်ခဲ့သည်။
အဆိုပါ အမှုအား တရားရုံးတင် စစ်ဆေးချိန် အထိ မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ်သူ အရာ ရှိ တိုင်းဦးစီးမှူး ဒု ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်မှာ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေး တိမ်းရှောင် နေဆဲဖြစ် သည် ဟု သိရသည်။
ဆက်စပ် သတင်း
မန္တလေးတိုင်း ကျေးလက် လမ်းဦးစီးမှူးနှင့် စာရေး လာဘ်စားမှုဖြင့် အမှုဖွင့်ခံရ
အဂတိမှုဖြင့် အမှုဖွင့်ခံရသူ တိုင်းဦးစီးမှူးအား မဖမ်းဆီးနိုင်သေး