မန္တလေး မဟာမုနိ ဘုရားသို့ နိုင်ငံခြားသား ခရီးသွားများကို ဝင်ကြေး ကောက်ရန် မန္တလေးတိုင်း ဒေသကြီး အစိုးရ၏ ခွင့်ပြု ချက် စောင့်ဆိုင်းနေရကြောင်း ဂေါပက အဖွဲ့က သိရသည်။
မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက “ဝင်ကြေး ကောက်ဖြစ်ဖို့ သေချာပါတယ်။ အစိုးရအဖွဲ့ကို လည်း တင်ပြထားပါတယ်။ ခွင့်ပြုချက်တော့ မရသေးပါဘူး။ အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီးမှ ဝင်ကြေးကို သတ်မှတ်မှာပါ။ ကောက်ခံဖို့ လျာထားတဲ့ နှုန်းတော့ ရှိပြီးသားပါ”ဟု ပြောသည်။
နိုင်ငံခြားသား ခရီးသွားများ ဝင်ကြေး နှုန်းထားများ အဖြစ် ကျပ် ၅၀ဝ၀ (အမေရိကန် ဒေါ်လာဖြင့် ၃ ဒေါ်လာခန့်) ကောက်ခံ ရန် လျာထားကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွားများထံမှ ဝင်ကြေး ကောက်ခံနိုင်ရန် အတွက် မန္တလေးတိုင်း အစိုးရ အဖွဲ့သို့ ၂၀၁၇ ခုနှစ် ဇွန်လက တင်ပြ ခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ကျော် ကြာမြင့်သည် အထိ ခွင့်ပြုချက် မရရှိသေးကြောင်းနှင့် ထိုသို့ ကောက်ခံရန် အတွက် ဝင်ပေါက်များ၌ ကောက်ခံရေး စခန်းများ ဖွင့်လှစ်၍ သွားမည် ဖြစ်ကြောင်း ဆိုသည်။
မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က“မဟာမုနိ ဘုရားကြီးကို နေ့စဉ် ကမ္ဘာလှည့် နိုင်ငံခြားသား ခရီး သွားတွေ ဝင်ရောက်မှု ရှိပါတယ်။ တနှစ်ရဲ့ ဝင်ရောက်မှုကို ပျမ်းမျှနှုန်း တွက်ကြည့်မယ် ဆိုရင် တနေ့ကို လူ ၂၈၀ လောက် ဝင်ရောက်မှု ရှိပါတယ်။ ဝင်ကြေး ကောက်ခံတယ် ဆိုတာ အထူးအဆန်း ကိစ္စ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း နိုင်ငံ ခြားသားကို ဝင်ကြေး ကောက်ခံတာတွေ ရှိပါတယ်”ဟု ပြောသည်။
ကမ္ဘာလှည့် ခရီးသွားများထံမှ ဝင်ကြေး ကောက်ခံရန် မဟာမုနိ ဘုရားကြီးတောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ် အနောက် ဘက်ခြမ်း၌ Tourist Information Center တည်ဆောက်သွားမည် ဖြစ်သလို Tourist များ နားနေနိုင်ရန် နားနေ ခန်းများ၊ ဖိနပ်ချွတ်စင်များ အပါအဝင် ဝန်ဆောင်မှု ပြည့်ပြည့်စုံစုံ ထားရှိပေးသွားမည်ဟု သိရသည်။
ခရီးသွားများ သတင်းအချက်အလက် စုံစမ်းမေးမြန်းနိုင်သည့် Tourist Information Center နှစ်ခု တည်ဆောက်ရန် အတွက် တည်ဆောက်မည့် ဒီဇိုင်းပုံစံကို မြန်မာနိုင်ငံ ဗိသုကာ အသင်းထံမှ ဒီဇိုင်းရရှိပြီး ဖြစ်သလို လေလံပေးသွားမည် မဟုတ်ဘဲ ဂေါပက အဖွဲ့က တာဝန်ယူ ကောက်ခံသွားမည်ဟု ပြောဆိုသည်။
ထို့ပြင် နိုင်ငံခြားသားများ အတွက် ဘုရား သမိုင်းနှင့် လေ့လာစရာ နေရာများ၊ နံရံဆေးရေး ပန်းချီများ အပြင် လမ်းညွှန်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း ဆိုသည်။
မန္တလေး ဒေသခံ ဧည့်လမ်းညွှန် ကိုသိန်းထိုက်ဦးက“နိုင်ငံခြားသား ခရီးသွားတွေ နိုင်ငံအတွင်း ဝင်ရောက်မှုက တနှစ်ထက် တနှစ် မြင့်တက်လာတယ်။ သူတို့ဆီကနေ ဝင်ကြေးတို့ ဝန်ဆောင်ခတို့ ဆိုတာ မဖြစ်မနေ တောင်းရမယ်။ ကျနော် ကတော့ သဘောကျပါတယ်”ဟု ပြောသည်။
မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်သို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုမှာ နေ့စဉ် ၃၀၀ နီးပါး ဝင်ရောက်ပြီး ပြည်တွင်း ဘုရားဖူး ဝင်ရောက်မှုမှာ ၂၂၇၂၁ ဦးခန့် ရှိကာ ယခုအခါ နိုင်ငံခြားသားများအား ကင်မရာခွန် တမျိုးသာ ကောက်ခံလျက် ရှိ သည်။
နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုသည် ၂၀၁၇ ခုနှစ်အတွင်း ၁၀၀၁၆၈ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အထိ ၉၂၃၄၁ ဦး ဝင်ရောက်ခဲ့သည်ဟု သိရသည်။