ထိုင်းနိုင်ငံကို ဖြတ်ဝင်လာမည့် အပူပိုင်းမုန်တိုင်း မြန်မာနိုင်ငံတောင်ပိုင်းသို့ အဖျားခတ်နိုင်
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk) သည် ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ တောင်ဘက်ပိုင်းသို့ သက်ရောက်မှုများ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အပူပိုင်းမုန်တိုင်း “ပါဘက်” သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat) သို့ ဇန်ဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။
ဦးကျော်မိုးဦး က “ထိုင်းနိုင်ငံ နခွန်စီသမာရက်မြို့အနီးကနေပြီးတော့ ဖြတ်မှာပေါ့ အဲဒီမြို့က ကော့သောင်းမြို့ရဲ့ တောင်ဘက်မှာ ရှိတယ်။ ကော့သောင်းနဲ့ နီးတယ် မုန်တိုင်းက အဝန်းအဝိုင်းကြီးတဲ့ အတွက်ကြောင့်မို့လို့ ကောင်သောင်း မှာလည်း မုန်တိုင်း အဖျားခတ်နိုင်တယ်” ဟု ဆိုသည်။
“မုန်တိုင်းဖြတ်သန်းတဲ့ အချိန် တနသာၤရီတိုင်း ဒေသကြီးမှာ နေရာကွက်မိုးကြီးတာတို့ လေပြင်းတိုက်တာတို့ ရှိနိုင်တယ်။ မုန်တိုင်းဖြတ်တဲ့ အချိန်မှာ မွန်၊ ကရင်၊ တနသာၤရီ ကမ်းရိုးတန်းဒေသ တလျောက်မှာ လေပြင်မြေပြင်လေဟာ ၃၅ မိုင်ကနေ မိုင် ၄၀ လောက်ထိ တိုက်နိုင်တယ်” ဟု ဦးကျော်မိုးဦး က ဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်တိုင်း၊ တနသာၤရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ကြောင်း မိုး/ဇလ က အသိပေးထားသည်။
ထိုင်းပင်လယ်ကွေ့အတွင်းမှ မုန်တိုင်းအကြွင်းအကျန် အရှေ့လေပွေလှိုင်း တခုသည် တနင်္သာရီတိုင်း၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ခန့်မှန်းထားသည်။
အဆိုပါ အပူပိုင်းမုန်တိုင်းသည် နခွန်စီသမာရက်မြို့ (ထိုင်းနိုင်ငံ) အနီးမှ ဖြတ်ကျော် ဝင်ရောက်ပြီးနောက် ကပ္ပလီပင်လယ်ပြင် သို့ ရောက်သည် အထိ မုန်တိုင်းငယ်အဆင့်ဖြင့် အားကောင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။