ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်တွင် ရက္ခိုင့် တပ်မတော် (AA) က ရဲစခန်း ၄ ခုကို ယနေ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခိုက်လာသဖြင့် တပ်မတော်က စစ်ကူပေးနေရကြောင်း သတင်း ရရှိသည်။
“မနက် ၄ နာရီခွဲလောက် ရခိုင်မှာ AA က ရဲကင်းစခန်း ၄ ခုကို ဝင်တိုက်တယ်။ အခုထိ ဖြစ်နေတုန်း မပြီးသေးဘူး။ နေရာတွေက ဘူးသီးတောင်နဲ့ မောင်တောကြားထဲမှာ။ ဘူးသီးတောင်ရဲ့ မြောက်ဘက်ကျတယ်။ အတွင်းဘက်ကျတယ်။ စထိတွေ့ကတည်းက တပ်မတော်က သွားကူနေပြီ။ AA ဆိုတာကို အတည်ပြုနိုင်တယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာ- ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ် ၆၄ အနီး၊ ဘူးသီးတောင်မြို့နယ်၊ နဟန်း ရွာနှင့် ဝါးနက်ရုံကြား ၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်း အနီးတို့တွင် တိုက်ပွဲကြီး တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်းလည်း တပ်မတော်နှင့် AA တို့ကအသီးသီး သတင်း ထုတ်ပြန်ခဲ့ကြသည်။
ရက္ခိုင့်တပ်မတော် (AA) နှင့် မဟာမိတ်များဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က ငြိမ်းချမ်းရေးအတွက် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းကာ နိုင်ငံရေးနည်းလမ်းဖြင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်သေးသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း ယင်းထုတ်ပြန်ချက်အပေါ် ကြိုဆိုထောက်ခံ ကြောင်းနှင့် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) ရရှိရေးနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကိစ္စအား ဆက်လက်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မည်ဟု ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ဒေသခံ ခမီတိုင်းရင်းသားများ ထွက်ပြေးနေရ
ပေါ်တာဆွဲခြင်း မလုပ်ဟု ရခိုင် နယ်/လုံဝန်ကြီး ပြော