ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ၃ ဦးကို လူသတ်မှုဖြင့် စွဲချက်တင်ရန် ရန်ကုန် မြို့ အရှေ့ပိုင်းခရိုင် တရားရုံးက ယနေ့ ရုံးချိန်းတွင် အမိန့်ချမှတ် လိုက်သည်။
၂၀၁၈ ဒီဇင်ဘာ ၂၄ ရက် ရုံးချိန်း၌ နှစ်ဖက် အပြီးသတ် လျှောက်လဲချက်များ ပေးခဲ့ပြီးနောက် ယင်းသို့ အမိန့်ချမှတ်လိုက် ခြင်းလည်း ဖြစ်သည်။
စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေး တို့သည် အောင်ရဲထွေးအား လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်နှင့် ကန်ခြင်း၊ အရက်ပုလင်းဖြင့် ရိုက်နှက်ခြင်းများကြောင့် သေဆုံးခဲ့စေသည်ဟု ဆိုကာ လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် လည်းကောင်း၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ၎င်းတို့ နှစ်ဦး ပြစ်မှု ကျူးလွန်ရန် အားပေး ကူညီ သည်ဆိုကာ ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် လည်းကောင်း အသီးသီး စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေတွင် ပုဒ်မ ၃၀၂ (၂) ဖြင့် ပြစ်မှု ထင်ရှားပါက တသက်တကျွန်း ဒဏ် ဖြစ်စေ၊ ၁၀ နှစ်ထိ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။
လာမည့် ရုံးချိန်းကို ဇန်နဝါရီ ၁၅ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် ပြန်ခေါ် သက်သေများ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က စတင်၍ လူမှု ကွန်ရက် စာမျက်နှာပေါ် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် သရုပ် ဆောင် အောင်ရဲထွေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ညပိုင်းက The One Entertainment Park က ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲမှာ လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ အရေးပေါ် ခွဲစိတ် ကုသပြီးနောက်၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ် လွန်သွားခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – အောင်ရဲထွေးအား ဒဏ်ရာ ရရှိရန် ပြုလုပ်သူများကို မသိဟု အစ်ကိုဖြစ်သူ ထွက်ဆို