တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ ဂိတ် ပိတ်ခြင်းကြောင့် ဖရဲသခွား စိုက် တောင် သူများ ဆုံးရှုံး နစ်နာရသည်ကို ဆန္ဒ ဖော်ထုတ်သည့် အနေနှင့် မုံရွာမြို့၌ ဖရဲသီး တန်ချိန် ၅၀ ခန့် အခမဲ့ ပေးဝေခြင်း ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။
ယနေ့ နံနက်ပိုင်းက မုံရွာမြို့ နာရီစင် အနီး၌ ဘုတလင် မြို့နယ် ဖရဲသခွားစိုက် တောင်သူများ ဆန္ဒဖော်ထုတ်သည့် အနေ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်သူ ကိုသစ္စာက ဧရာဝတီကို ပြောသည်။
လုံခြုံရေး အခြေအနေကြောင့်ဟု ဆိုကာ မြန်မာ တပ်မတော်က တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ရှိ ကျင်စန်းကျော့ ဂိတ် ပေါက်အား ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ပိတ်ခဲ့သည်မှာ ယနေ့ အထိ ဖြစ်ပြီး ကုန်စိမ်း တင်ပို့မှု အကောင်းဆုံး ရာသီတွင် ယခုလို ဖြစ်သွားသည့် အတွက် အခက်အခဲများ ဖြစ်နေရသည်ဟု ဖရဲသခွား တောင်သူများက ဆိုသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဖရဲသခွားစိုက် တောင်သူများက သက်ဆိုင်ရာ တာဝန်ရှိ ဌာန၏ ခွင့်ပြုချက်ဖြင့် ယင်းဂိတ်အား တရားဝင် အမြန်ဆုံး ဖွင့်ပေးရေး အပါအဝင် အချက် ၃ ချက်ကို တောင်းဆို၍ ဖရဲသီး တန်ချိန် ၅၀ အား မုံရွာ မြို့ခံများကို အခမဲ့ဝေ ပေးခဲ့ခြင်း ဖြစ်ကြောင်း ကိုသစ္စာက ပြောသည်။
“ဆန္ဒဖော်ထုတ်တာလည်း ဖြစ်သလို စိုက်ပျိုးရေးရဲ့လှုပ်ရှားမှု တခုကို ပြလိုက်တာ ပါပဲ။ ပြီးတော့ ကျနော်တို့ အသီးတွေ တဖက်နိုင်ငံမှာ အချိန်အကြာကြီး ထားပြီး အပစ်ခံရမယ့် အတူတူ ကိုယ့်အမျိုးတွေကို ဝေပေးလိုက်တာပါ” ဟု ၎င်းက ဆို သည်။
ဖရဲသခွား တောင်သူများ၏ တောင်းဆိုချက် ၃ ခုမှာ မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့လမ်း နှစ်နိုင်ငံ တရားဝင် အမြန် ဖွင့်လှစ်ရေး၊ မူဆယ် ၁၀၅ မိုင်တွင် ဖရဲသခွားဈေးပြတ် ရောင်းချပြီး အပြီးအပြတ် ဖြစ်စေမည့် စနစ် ဖြစ်ပေါ်ရေးနှင့် ဖရဲ သခွား စိုက်တောင်သူများ၏ အခက်အခဲများအား အစိုးရက ကူညီဖြေရှင်းပေးရေးတို့ ဖြစ်သည်။
အဆိုပါ ဂိတ် ပိတ်ထားခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်မှု ယနေ့ အထိ မရှိသေး သဖြင့် နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်နေသူများက ယင်းအပေါ် အားမရမှု များလည်း ဖြစ်လျက်ရှိကြောင်း တောင်သူများက ပြောသည်။
ဖရဲသခွား စိုက် တောင်သူ တဦးဖြစ်သော ကိုထွန်းဝင်းက “တောင်သူတွေ ဒီလောက် နစ်နာနေတာကို အသံထုတ်ဖော်ရ မယ့် အချိန်ရောက်ပြီ ထင်ပါတယ်။ အရင်လက တောင်သူတွေ၊ ပွဲရုံတွေ စုပြီး လက်မှတ်ထိုး စာတင်ထားပေမယ့် လည်း အစိုးရက နှစ်ရပ်ဖြစ်နေတော့ ဘယ်လိုပုံစံနဲ့ ဖြစ်လာဦးမလဲ ဆိုတာကို မှန်းရခက်နေတဲ့ အနေအထားပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ကျင်စန်းကျော့ ဂိတ်ပြန်လည် ဖွင့်လှစ်မည့် အခြေအနေကို သေချာ မသိရသေးသည့် အပြင် ပန်ဆိုင်းဂိတ်တွင်လည်း အချိန် ကြာမြင့်မှုများ ရှိသဖြင့် မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံ အများစုက သစ်သီးကားများကို ဆက်အတင်မခံတော့ ကြောင်းနှင့် ဆွတ်ခူးချိန်ဖြစ်သည့် အတွက် တောင်သူများမှာ အရဲစွန့်တင်ပို့နေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဆက်စပ် ဖတ်ရှုရန်
တရုတ်နယ်စပ် ကျင်စန်းကျော့ ဂိတ် တပတ်ကြာသည့်တိုင် ပြန်မဖွင့်သေး