တရုတ်နိုင်ငံ ရေပိုင်နက်၌ နစ်မြုပ်ခဲ့သည့် ကုန်တင် သဘောၤမှ ပျောက်ဆုံးနေသော မြန်မာ သင်္ဘောသား ၉ ဦးနှင့် ထိုင်ဝမ် ၁ ဦးတို့ကို ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
ဇန်နဝါရီလ ၂ ရက်က မြန်မာ သင်္ဘောသား ၁၄ ဦး၊ ထိုင်ဝမ် ၁ ဦး ပါဝင်သည့် MV London ကုန်တင် သင်္ဘော နစ်မြုပ် ခဲ့ခြင်း ဖြစ်ကာ မြန်မာ သင်္ဘောသား ၄ ဦးကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ပြီး ၁ ဦးကိုမူ အလောင်း ပြန်တွေ့ခဲ့ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြောဆိုထားသည်။
ကျန်ပျောက်ဆုံးသူများအား ရှာဖွေမှုကို ဇန်နဝါရီ ၄ ရက်က ရပ်ဆိုင်းခဲ့ပြီ ဖြစ်ကြောင်းလည်း အဆိုပါ ဌာနက ထုတ်ပြန်ထား သည်။
ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက“ရှာလို့ မတွေ့ တော့လို့ ရပ်လိုက်တာပါ။ ရာသီဥတုလည်း ပါတယ်။ ဖြစ်တာကလည်း ၂ ရက်နေ့ကတည်းက ဆိုတော့။ နောက် နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ရဟတ်ယာဉ်တွေ ဘာတွေနဲ့လည်း ရှာတယ်”ဟု ပြောသည်။
သင်္ဘောပါ စာရင်း အရ မြန်မာ ၁၄ ဦး ဖြစ်သော်လည်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦိးစီးဌာနသို့ သတင်းပို့ပြီး ထွက်ခွာသွားသူမှာ ၁၂ ဦးသာ ဖြစ်ကြောင်း သိရသည်။
နစ်မြုပ်ခဲ့သည့် MV LONDON သင်္ဘောမှ အသက်ရှင် ကျန်ရစ်သူ မြန်မာ ၄ ဦးမှာ အောင်အောင်ဦး၊ မင်းဇော်အောင်၊ ကျော်မင်းဝေ၊ မြတ်ထွဋ်ဝင်း တို့ ဖြစ်ကြောင်း မြန်မာပင်လယ်ကူး သင်္ဘောသားများ သမဂ္ဂ ကလည်း ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ Kaohsiung မြို့မှ တောင်ကိုရီးယားနိုင်ငံ Busan မြို့သို့ ထွက်ခွာလာစဉ် Taizhou မြို့နှင့် ရေမိုင် ၉၀ အကွာအဝေး၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သင်္ဘောပါ မြန်မာ သင်္ဘောသားများသည် Sun Maritime၊ Leader Marine Oversea၊ Ocean World Shipping စသည့် ကုမ္ပဏီများနှင့် ချိတ်ဆက် သွားရောက်ခဲ့သူများ ဖြစ်ကာ ထိခိုက် နစ်နာခဲ့သည့် သင်္ဘောသားများအား ယင်း ကုမ္ပဏီများမှ လျော်ကြေးငွေ ပေးသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနက ဆိုသည်။
ဆက်စပ် ဖတ်ရှုရန် – တရုတ် သင်္ဘော နစ်မြုပ်မှု မြန်မာ ၁ ဦးသေဆုံး၍ ၄ ဦး အသက်ရှင်