ရခိုင်ပြည်နယ် မြောက်ဦးမြို့ သစ်တော ဦးစီးဌာနမှ တောခေါင်း တဦး လမ်းဘေး ရေမြောင်းထဲတွင် သေဆုံးမှု ဖြစ်စဉ် ဖြစ်ပွာခဲ့ကြောင်း သတင်း ရရှိသည်။
မြောက်ဦးမြို့ တောခေါင်း ဖြစ်သူ ဦးတင်လှသည် ယမန့်နေ ညနေပိုင်းက သစ်တော စိုက်ခင်းမှ နေအိမ်သို့ အပြန် ပေါင်း တုတ် ကျေးရွာနှင့် အမှတ် (၅၄၀) တပ်ကြားတွင် ဆိုင်ကယ် ရေမြောင်းထဲ ထိုးဆင်းကာ သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု မြောက်ဦး မြို့မ စခန်းမှူး ဒုရဲမှူး ကျော်သူရ က ဧရာဝတီကို ပြောသည်။
ဒုရဲမှူး ကျော်သူရ က “သူတပည့်တွေ ပြောတာက မနေ့က နေ့ခင်း ကတည်းက အရက်မူးနေတာတဲ့။ ဘယ်အချိန်မှာ ပြန် သွားမှန်းတောင် မသိလိုက်ဘူး။ မှောက်နေတဲ့ ဆိုင်ကယ်ရဲ့လမ်းကြောက ဘယ်ဘက် ယာဉ်ကြောထဲကို ထိုးကျပြီး ခြေ တချောင်းပိ၊ ခြေတချောင်း ထောင်ပြီး ဦးခေါင်းကလည်း အုတ်ခဲနဲ့ ဆောင့်ပြီး သေနေတာကို တွေ့ပါတယ်” ဟု ဆိုသည်။
အဆိုပါ တောခေါင်း ဦးတင်လှ သေဆုံးရခြင်းမှာ အရက်သေစာ သောက်စားထားပြီး စိုက်ခင်းမှ ၎င်းနေထိုင်ရာ ပန်းမော် ကျေးရွာသို့ အပြန် ဆိုင်ကယ် အရှိန် မထိန်းနိုင်ဘဲ ရေမြောင်းထဲသို့ ထိုးကျကာ ဆေသုံးသွားခြင်းသာ ဖြစ်နိုင်ကြောင်း ရဲ တပ်ဖွဲ့က သုံးသပ် ပြောဆိုသည်။
လက်ရှိတွင် မြောက်ဦးမြို့မ စခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ လူသေမှုဖြင့် အမှု ဖွင့်လှစ်ကာ အလောင်းအား မြောက်ဦးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။