နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ရေပေးဝေရေးလုပ်ငန်းမှ ရေရယူသုံးစွဲနေသော စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် ပွဲရုံဆိုင်ခန်းများ၊ အဆင့်မြင့်ဈေးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘဏ်များ၊ စားသောက်ဆိုင်များနှင့် ပုဂ္ဂလိက ဆေးရုံများကို ရေမီတာခ နှစ်ဆတိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ကြေညာချက်တွင် ၎င်းတို့ထံမှ ရေရယူသုံးစွဲနေသည့် စီးပွားရေး လုပ်ငန်းများထံမှ ရေဖိုး ၁ ယူနစ်လျှင် ကျပ် ၁၁၀ နှုန်းမှ ကျပ် ၂၂၀ နှုန်းသို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကောက်ခံတော့မည် ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး အမှတ်စဉ် ၁ / ၂၀၁၉ ဆုံးဖြတ်ချက်အရ တိုးမြင့်ကောက်ခံရန် ခွင့်ပြုခဲ့ကြောင်းသာပါရှိပြီး ဈေးနှုန်းတိုးမြှင့်ကောက်ခံရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိသကဲ့သို့ ရေးပေးဝေရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ရည်ရွယ်ချက်များကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါ။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထွေထွေကုန်ကျစားရိတ်များ မြင့်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်စရိတ် ပိုမိုမြင့်တက်လာသည့် အခြေအနေတွင် ယခုကဲ့သို့ ရေမီတာခ ထပ်မံတိုးမြှင့်ခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း နေပြည်တော်၊ သပြေကုန်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။
သပြေကုန်းရှိ စားသောက်ဆိုင်ပိုင်ရှင် မနီနီ က “အခုက မီတာခက ပုံမှန်ချိန် ၄ သိန်း၊ နွေရာသီ ၆ သိန်းလောက် ကျတယ်။ ဆိုင်ခန်းခွန်ကလည်း လစဉ် ၄၅၀၀၀ ပေးရတယ်။ ရေမီတာက တလကို ၈ သောင်းလောက်ကျတယ်။ နောက်ကျရင် ဒဏ်ကြေး ကလည်း ပေးရသေးတယ်။ တခြားကုန်ကျစရိတ်တွေ အပြင် အခု ရေ အတွက် ပိုကုန်တော့မယ်ဆိုတော့ အကုန်အကျ ပိုများတော့မှာပေါ့။ ဖြစ်နိုင်ရင် ဘာမှ မတက်စေချင်ဘူး” ဟု ပြောသည်။
ထို့အတူ သပြေကုန်း၊ အင်ကြင်းလမ်းရှိ ပွဲရုံတန်းတွင် ဆိုင်ခန်းငှားရမ်း လုပ်ကိုင်သူတဦးက လက်ရှိတွင် စည်ပင်သို့ လစဉ်ပေးရသည့် ဆိုင်ခန်းခွန်ကို ကျပ် သုံးသောင်းမှ သုံးသောင်းခွဲသို့ မကြာသေးမီကမှ တိုးမြှင့်ထားကြောင်း၊ နှစ်စဉ်ကြေး အဖြစ်လည်း ဆိုင်ခန်းခွန်တလစာကို ထပ်မံပေးသွင်းရကြောင်း၊ ထိုကဲ့သို့ အခွန်အခများတိုးမြှင့်ကောက်ခံသကဲ့သို့ နေပြည်တော်စည်ပင် အနေဖြင့် ဝန်ဆောင်မှုများကိုလည်း ပိုကောင်းအောင် တိုးမြင့် ဆောင်ရွက်ပေးစေလိုကြောင်း ပြောသည်။
နေပြည်တော် သပြေကုန်း၊ အင်ကြင်းလမ်းရှိ ပွဲရုံတန်းတွင် ရုံးဖွင့်လှစ်ထားသူ တဦးက “ပြီးခဲ့တဲ့ မိုးတွင်းကဆိုရင် ရေမြောင်းတွေ ပိတ်နေလို့လား မသိဘူး။ ရေက လမ်းပေါ်တင်နေပြီး အခန်းရှေ့က လှေကားတွေပါမြုပ်တယ်။ ကားဖြတ်မောင်းရင် အခန်းထဲအထိ ရေက ဝင်ရော၊ ဒီလိုဟာတွေကိုလည်း နောက်မဖြစ်အောင် လုပ်ပေးစေချင်တယ်” ဟု ပြောသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းရေးဌာနသည် ဆည်ကြီး ၁၂ ခုဖြင့် ရေသိုလှောင်၍ အစိုးရရုံးများ၊ ဝန်ထိမ်းအိမ်ယာများ၊ ဟိုတယ်ဇုန်များ အပါအဝင် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့ရှိ အဆင့်မြင့်ဈေးများ၊ အထူးကုဆေးရုံကြီးများ၊ လူနေရပ်ကွက်များကို ရေပေးဝေလျှက်ရှိကြောင်း သိရသည်။
ရေ ရယူသုံးစွဲသူများအနေဖြင့် ရေဖိုးပေးသွင်းရာတွင် စာပို့သည့်ရက်မှ ၁၄ ရက်အတွင်း ပေးသွင်းရန် သတ်မှတ်ထားပြီး ယင်းကာလထက် ကျော်လွန်ပေးသွင်းပါက ကျသင့်ငွေ၏ ၅ရာခိုင်နှုန်း၊ ၂၈ ရက်ထက်ကျော်လွန်ပါက ကျသင့်ငွေ၏ ၁၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရကြောင်း၊ သုံးလကျော်အောင် ပေးသွင်းခြင်း မရှိလျှင် ရေဖြတ်တောက် အရေးယူမည်ဖြစ်ကြောင်း စည်းကမ်းထုတ်ပြန်ထားသည်။