အိမ်အကူ မကရင်မ အမှု၏ သံသယ တရားခံ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မဖြင့် စွဲချက် တင်သင့် မတင်သင့်ကို နှစ်ဖက် ရှေ့နေများက ယနေ့ ရုံးချိန်းတွင် လျှောက်လဲချက် ပေးသည်။
တရားလိုဘက်မှ ဥပဒေ အရာရှိက တရားရုံးတွင် စာဖြင့် လျှောက်လဲချက် ပေးခဲ့ပြီး သံသယတရားခံ ဒေါ်သိင်္ဂီစု ရှေ့နေက နှုတ်ဖြင့် လျှောက်လဲချက် ပေးခဲ့ကြောင်း တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။
“တရားလိုဘက်က ဥပဒေ အရာရှိက ရေးသား လျှောက်လဲချက် တင်တယ်။ ဒေါ်သိင်္ဂီစုဘက် ရှေ့နေက နှုတ်နဲ့ လျှောက်လဲ ချက် ပြောတယ်။ အဲဒါကို တရားလိုဘက်က ဥပဒေ အရာရှိက နှုတ်နဲ့ ပြန်လည်ချေပတဲ့ လျှောက်လဲချက်ကို ပြန်တင် တယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ လျှောက်လဲချက်များနှင့် ပတ်သက်ပြီး လာမည့် ဇန်နဝါရီလ ၂၃ ရက် ရုံးချိန်းတွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရ သည်။
ဒေါ်စန်းစန်းမြင့်က“၂၃ ရက်နေ့မှာ တရားခံကို ပုဒ်မ ဘယ်လောက်နဲ့ စွဲချက် တင်မှာလဲ ဆိုတာပေါ့။ စွဲချက် အမိန့်က အရေး ကြီးတယ်”ဟု ပြောဆိုသည်။
အိမ်အကူ မကရင်မ သေဆုံးခဲ့မှုတွင် သံသယရှိသူ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး တောင်ပိုင်းခရိုင် တရားရုံးတွင် ဇန်နဝါရီလ ၁၆ ရက် အထိ ၂၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ဖြစ်သည်။
ယင်းအမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထားရာ ၈ ဦးကို သက်သေမှ ထုတ်ပယ်ခဲ့သည်။
သေဆုံးသူ မကရင်မသည် တပ်မတော် အရာရှိ ဇနီး ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ပြီး ဝမ်းဗိုက် ဒဏ်ရာ ကြောင့် အူပေါက်ကာ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။