ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အနေနှင့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် လုပ်ငန်း ရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် (NYDC) က ထုတ်ပြန်ထားသည်။
နေပြည်တော်တွင် ပထမဆုံး အကြိမ် ကျင်းပမည့် Invest Myanmar Summit (IMS) 2019 ဖိုရမ်တွင် ရန်ကုန်မြို့သစ် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည် ဖြစ် ကြောင်း NYDC ၏ ဒုဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။
“လာမယ့် ၂၈ ရက်နဲ့ ၂၉ ရက်မှာ ပြုလုပ်မယ့် IMS 2019 မှာ ရန်ကုန် မြို့သစ် စီမံကိန်းက တိုင်းအစိုးရ အနေနဲ့ ပြသ သွား မယ့် စီမံကိန်းထဲက တခု ဖြစ်တယ်။ ဒီ Summit မှာ NYDC အနေနဲ့ ရန်ကုန်မြို့သစ် အတွက် ရင်းနှီးမြှုပ်နှံမှု ရှာဖွေ နေတဲ့ ကဏ္ဍတွေ ဖြစ်တဲ့ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေး၊ မြို့တော် သန့်ရှင်းရေးနဲ့ အမှိုက်သိမ်း စနစ်၊ Convention Centre ၊ ဆက်သွယ်ရေး တို့ကို ရှင်းလင်းပြီး ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုထားသည်။
လက်ရှိတွင် ရန်ကုန်မြို့သစ် Master Plan ရေးဆွဲခြင်းမှာ မူကြမ်း ပထမ အဆင့် ပြီးနေပြီ ဖြစ်ပြီး ဒုတိယအဆင့် မူကြမ်း ကို လည်း လာမည့် တပတ်အတွင်း ထွက်ရှိရန် အတွက် AECOM စင်ကာပူ ကုမ္ပဏီနှင့် အခြား သက်ဆိုင်ရာ ကဏ္ဍ အလိုက် အကြံပေးများနှင့် လုပ်ဆောင်လျက် ရှိကြောင်း ဦးသိမ်းဝေက ပြောသည်။
အဆိုပါ Master Plan ရေးဆွဲနေသော အချိန်မှာပင် မြို့သစ် စီမံကိန်း၏ ကနဦး အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း ဖေဖော်ဝါရီလ အလယ်ပိုင်းတွင် စတင်နိုင်ရန် ကြိုးစား လုပ်ဆောင်နေကြောင်း NYDC ထုတ်ပြန် ချက် ၌ ဖော်ပြထားသည်။
စီမံကိန်းကို မြေဧက၂ သောင်းကျော်ပေါ်တွင် ပထမ အဆင့် စတင် အကောင်အထည်ဖော်မည် ဖြစ်ပြီး စင်ကာပူ နိုင်ငံထက် ၂ ဆ ကျယ်ဝန်းမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့သစ် စီမံကိန်းသည် အလုပ်အကိုင်သစ် ၂ သန်းကိုလည်း ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း တိုင်းအစိုးရက ပြောဆိုထားသည်။
Invest Myanmar Summit (IMS) 2019 ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့က စီစဉ်ပြီး အစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စီးပွားရေး အဖွဲ့အစည်းတို့မှ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။
ဦးသိမ်းဝေက ရန်ကုန်မြို့သစ် စီမံကိန်းကို Summit ၏ ၂၉ ရက် အပိတ် ဆွေးနွေးပွဲ၌ “ပုဂ္ဂလိက ကဏ္ဍ၏ အမြင် – မြန်မာ နိုင်ငံသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများအား ဆွဲဆောင်ခြင်း” ခေါင်းစဉ်နှင့် ဆွေးနွေးပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ် ခေါ် သွားမည် ဖြစ်ကြောင်း ပြောသည်။
IMS ပွဲကို နိုင်ငံတကာနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ အတွက် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နိုင်မည့် အခွင့်အ လမ်း များကို ရှာဖွေ တွေ့ရှိစေနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိ ပုဂ္ဂလိက စီးပွားရေး စီမံကိန်းပေါင်း ၁၂၀ ကျော်ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။
UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက“Summit မှာ ခင်းကျင်းပြသမယ့် စီမံကိန်းတွေ လေ့လာခြင်းက ရင်းနှီးမြှုပ်နှံမယ့် သူတွေ အနေနဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံ နိုင်တဲ့ ကဏ္ဍတွေနဲ့ စီမံကိန်းတွေကို ကောင်းစွာ သိရှိမှာ ဖြစ်ပါတယ်”ဟု ပြော သည်။