ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် ပါတီနှင့် သက်ဆိုင်သည့် အမှတ်တံဆိပ်များကို အသုံးပြုခွင့် ပေးမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ် လိုက်သည်။
ရွေးကောက်ပွဲတွင် ပါတီနှင့် သက်ဆိုင်သည့် အမှတ်တံဆိပ်များ သုံးခွင့်ပြုသင့် မပြုသင့်ကို ရွေးကောက်ပွဲ ကော်မရှင်က ယနေ့တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ပါတီနှင့် သက်ဆိုင်သည့် အမှတ်တံဆိပ်များ အစား ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံများကို အသုံးပြုခွင့် ပေးထားကြောင်း စည်ပင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကျော်က ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်ကျော်က“ဆုံးဖြတ်ချက်က ပါတီ အမှတ်တံဆိပ် လိုဂို မသုံးဘူးပေါ့။ အဲဒီအစား ကိုယ်စားလှယ်လောင်းရဲ့ ဓာတ် ပုံပေါ့၊ လိုဂို အမှတ်တံဆိပ်က သူ့ဓာတ်ပုံပေါ့”ဟု ဆိုသည်။
ရွေးကောက်ပွဲကို လာမည့် မတ် ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မဲဆန္ဒ နယ်မြေ ၆ ခု သတ်မှတ်ကာ စည်ပင် ကော်မတီဝင် ၆ ဦးနှင့် မြို့နယ် အဆင့် ၉၉ ဦး စုစုပေါင်း ၁၀၅ ဦး ရွေးချယ်မည် ဖြစ်သည်။ ထိုရွေးချယ်ခံရသူများမှ ဒု မြို့တော်ဝန် ၁ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။
ရန်ကုန် စောင့်ကြည့် အဖွဲ့ ထူထောင်သူ ဒေါ်ညိုညိုသင်းက“အခုလို သုံးခွင့် မပြုဘူး ဆိုတာ ကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲမှာ တာဝန်ရှိတဲ့သူက နိုင်ငံရေး ပါတီ မဟုတ်ဘူး။ ကော်မရှင် ဖြစ်တဲ့ အတွက်ကြောင့် ဒါကို ကြိုဆို တယ်”ဟု ပြောသည်။
စည်ပင် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) မှ ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် ကြောင်း NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။
ဆက်လက်ပြီး ဒေါ်ညိုညိုသင်းက“မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် နိုင်ငံရေး ပါတီပိုင်းကရော အစိုးရဘက်ပိုင်းကရော ရွေးကောက်ပွဲမှာ ဝင်ပြီးတော့ ကိုယ်ရရှိထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို အလွဲသုံးစား မလုပ်ဘဲနဲ့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်စေသင့်တယ်။ အစိုးရကရော ပါတီကရော ကော်မရှင်ကရော ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သင့်ဘူး”ဟုလည်း ပြောသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် စည်ပင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် ရက်ကို ဇန်န ဝါရီလ ၁၈ ရက်မှ ၂၈ ရက် အထိ သတ်မှတ်ထားသည်။