မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ဒိုင်းမွန်း ပလာဇာတွင် ကျင်းပသည့် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ကျောက် မျက်နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲတွင် ကျောက်မျက်နှင့် လက်ဝတ် ရတနာ အချောထည် ကျပ်သိန်း ၆၇၀၀ ခန့်နှင့် အမေရိကန် ဒေါ်လာ ၅၀၀၀ ဖိုးခန့် ရောင်းချရကြောင်း သိရသည်။
မန္တလေး ရတနာမောလ် ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်း က “မျှော်လင့်ထားတာထက် ပိုပြီး ရောင်းချခဲ့ရပါတယ်။ ကျောက်မျက်နဲ့ လက်ဝတ် ရတနာ အချောထည် ကျပ်သိန်း ၆၇၀၀ ဖိုးလောက်နဲ့ အမေရိကန် ဒေါ်လာ ၅၀၀၀ နီးပါးခန့် ရောင်းချခဲ့ရပါတယ်”ဟု ပြောသည်။
အဆိုပါ ပြပွဲအား မန္တလေး ရတနာမောလ် ကျောက်မျက် ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ဦး ဆောင်၍ ဇန်နဝါရီလ ၁၅ ရက်မှ ၁၉ ရက် အထိ ပြုလုပ်ခြင်း ဖြစ်ပြီး ကျောက်စိမ်း၊ မြ၊ ပတ္တမြား၊ နီလာ၊ ပုလဲ စသည့် ကျောက်မျက် အချောထည်များအား ရောင်းချခဲ့ကြောင်း သိရသည်။
ယင်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရ က“ပြည်တွင်းထွက် ကျောက်မျက်နှင့် လက်ဝတ် ရတနာ အချောထည်တွေကို နိုင်ငံ တကာ ကျောက်မျက် လုပ်ငန်းရှင်တွေ ကြည့်ရှု ဝယ်ယူနိုင်အောင် အဓိက ရည်ရွယ်ပြီး လုပ်ခဲ့တာပေါ့။ အခုလို နိုင်ငံတကာ ပွဲမျိုး သတ်သတ်မှတ်မှတ်နဲ့ အကြိမ်ရေ များများလုပ်နိုင်အောင် အထိ ကြိုးစားသွားမယ်။ အခုပွဲရဲ့ အားနည်းချက်တွေကို နောက်ပွဲတွေမှာ ပြန်လည် ပြင်ဆင်နိုင်အောင် လုပ်ဆောင်သွားမယ်”ဟု ပြောဆိုသည်။
ပြပွဲသို့ လာရောက်ရန် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ပြီး ကျောက်စိမ်းပန်း ပု၊ ကျောက်ပန်းချီ၊ ခေတ် အဆက်ဆက် ကျောက်မျက် ရတနာ ပြခန်းများ၊ ပတ္တမြား၊ နီလာ၊ မြ၊ ပုလဲ အစရှိသည့် ကျောက် မျက် အချောထည် ဆိုင်ခန်းပေါင်း ၃၆၀ ကျော် ပြသရောင်းချခဲ့ကြောင်း သိရသည်။
ပြပွဲကျင်းပသည့် ၅ ရက်တာ ကာလအတွင်း ပြည်တွင်း ပြည်ပမှ လာရောက်လေ့လာသူ ၃၀၀၀၀ ကျော် ရှိခဲ့သည့် အနက် ပြည်ပမှ ရတနာ ကုန်သည် ၁၂၀၀ ခန့် လာရောက်ခဲ့ရာ နိုင်ငံခြားသား ဝင်ရောက်မှု မျှော်မှန်းသည်ထက် လျော့နည်းခဲ့ ကြောင်း ဦးသိန်းဝင်းက ဆိုသည်။
ဆက်လက်၍ ၎င်းက“အဓိက တရုတ် ကုန်သည်နဲ့ လုပ်ငန်းရှင်တွေ ပိုပြီး ဝင်လာနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် တရုတ် နှစ်သစ် ကူး နဲ့ အရမ်း နီးကပ်နေတော့ လျော့နည်းခဲ့ရတာပေါ့”ဟုလည်း ပြောသည်။
ပြပွဲကာလ အတွင်း ပြည်တွင်း ပြည်ပမှ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အချောထည်များ ဝယ်ယူမှု အတွက် နိုင်ငံခြား ငွေ ပေးချေမှုများနှင့် အခွန် ကိစ္စရပ်များကိုလည်း One stop service ဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။