မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပစ်ခတ် တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သော ၃ ဦးအနက် အသက် ၄၁ နှစ်အရွယ်ရှိ နယ်စပ်ခြံစည်းရိုး ပြုပြင်သည့် အလုပ်သမား ဦးကျော်မျိုးလွင် သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် မှတ်တိုင် ၄၁ ရဲကင်းစခန်းအား ဇန်နဝါရီ ၂၄ ရက်နေ့က သောင်းကျန်းသူ အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုးနှင့် မီတာ ၂၀၀ ခန့်အကွာ နေရာ ၃ နေရာမှ RPG၊ M-79 လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
တိုက်ခိုက်သည့် အဖွဲ့အမည်ကို တိတိကျကျ ထုတ်ပြောထားခြင်း မရှိသေးသော်လည်း ထိုတိုက်ခိုက်ခံရမှုတွင် အသက် ၃၀ နှစ် အရွယ် ရဲတပ်သား သန်းမြင့် ပါ ၂ ဦးတွင် ဝဲရင်အုံ အရေပြား လက်နက်ကြီးစထိမှန်၊ ယာခြေမျက်စေ့ လက်နက်ငယ် ရှပ်မှန်ဒဏ်ရာများနှင့် နယ်စပ်ခြံစည်းရိုး ပြုပြင်နေသည့် အလုပ်သမား ကျော်မျိုးလွင် ယာတင်ပါး လက်နက်ကြီးစ ရှပ်မှန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
နယ်စပ်ခြံစည်းရိုး ပြုပြင်နေသည့် အလုပ်သမား ကျော်မျိုးလွင် သည် ထိုဒဏ်ရာများဖြင့် ဆေးကုသခံယူနေစဉ်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် အမှတ် ၄၁ ရဲကင်းစခန်း အတွင်းရှိ ကင်းမျှော်စင်နှင့် သန့်စင်ခန်းတို့လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာပစ်ခတ်သော အဖွဲ့ကို မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံကာ အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်အား အသိပေးပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေအား အသုံးပြု၍ မြန်မာနိုင်ငံအား ထိပါးနှောင့်ယှက်ရန်ပြုလာသည်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာ ပေးအပ်ခဲ့ကြောင်း သိရသည်။