သတင်းတို

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းမည်

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီး အဆိုတင်သွင်းမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော် ခေတ္တရပ်နားပြီးချိန်တွင် ကြေညာခဲ့သည်။

ဦးတီခွန်မြတ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို စောလျင်စွာ ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကော်မတီများဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တင်သွင်းရန် ရှိကြောင်း ဦးတီခွန်မြတ်က ကြားဖြတ် ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းရန် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှုးချုပ် မောင်မောင်က ဥပဒေအရ လွှဲမှားနေသည်ဟု ယူဆသည့်အတွက် စဉ်းစားဆောင်ရွက်ပေးရန် လွှတ်တော်သို့ တင်ပြခဲ့သည်။

ဗိုလ်မှူးချုပ်မောင်မောင်က “ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မယ်ဆိုရင် ပေးထားတဲ့ လုပ်ထုံး လုပ်နည်းတွေ အရ အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် ၂၀ လက်မှတ်ထိုးထားတဲ့ ဥပဒေ မူကြမ်း အဖြစ်နဲ့ လုပ်ထုံး လုပ်နည်းနဲ့ ဆက်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။ အခုဟာက ကော်မတီ ဖွဲ့လိုက်တယ်ဆိုတော့ ဘယ်ဟာတွေကို ပြင်မှာလဲ ၊ ဘာတွေကို ပြင်ဖို့ အတွက် တင်သွင်းမှာလဲ ဆိုတာကို ကျတော်တို့ ဘာမှ မသိရပါဘူး။ ပြင်မယ့် ဟာကို ဥပဒေ မူကြမ်း အဖြစ်နဲ့ တင်သွင်းပြီးမှသာလျင် ဒါကို ဆက်စပ်လေ့လာပြီးမှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့်အဆို ပါဝင်ခြင်း မရှိသော်လည်း ကြားဖြတ်အနေဖြင့် အရေးကြီး အဆိုအနေဖြင့် တင်သွင်းမည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading