ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူးနှင့် မြေတိုင်း တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့် အရေးယူထားပြီး ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။
၎င်းတို့ နှစ်ဦး အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မှော်ဘီ မြို့မ ရဲစခန်းတွင်၂၀၁၉ ဇန်နဝါရီ ၂၈ ရက်၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ခဲ့ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ မှော်ဘီ မြို့မ ရဲစခန်းသို့ ဧရာဝတီက ဖုန်းဆက် မေးမြန်းရာ တာဝန်ကျ ရဲအရာရှိ တဦးက “အမှုဖွင့် ထားပါတယ်။ ၂၈ ရက် နေ့ကပါ။ တရားလိုက အဂတိ တိုက်ဖျက်ရေးက ဦးဇော်မိုးပါ။ ရဲစခန်းမှာ လက်ရှိ ချုပ်ရမန် ယူပြီးတော့ ချုပ်ထားပါတယ်”ဟု အတည်ပြု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက အမှုဖွင့် ဖမ်းဆီး ခံထားရသူ ၂ ဦးမှာ မှော်ဘီမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာန မှ လက်ထောက် ဦးစီးမှူး ဦးအောင်စိုးလင်းနှင့် မြေတိုင်း- ၄ ဦးဇော်အေးလတ်တို့ ဖြစ်ကြောင်း အတည်ပြုပေးပြီး ဖေ ဖော်ဝါရီ ၁၁ ရက်တွင် ရုံးချိန်း ချိန်းဆိုထားကြောင်း ပြောပြသည်။
မှော်ဘီမြို့နယ်၊ ပက်တန်း ကျေးရွာ၌ ဒေသခံ လယ်သမားများ နှစ် ၃၀ ကျော် လယ်လုပ်ငန်း လုပ်ကိုင် အသက်မွေးခဲ့ကြ သည့် မပယ်ဖျက်ရသေးသော စားကျက်မြေ ဧက ၁၄၀ ခန့် အတွင်း လယ်သမား အိမ်ထောင်စု ၃၁ စုထံမှ မြေဂရန် ချ ပေးမည်၊ ပုံစံ(၇) ထုတ်ပေးမည်ဟု ဆိုကာ ငွေတောင်းခံသွားသည့် မြို့နယ် မြေစာရင်း ဝန်ထမ်းနှင့် ကျေးရွာ အုပ်ချုပ်ရေး မှူးတို့အား အရေးယူပေးရန် ကော်မရှင်သို့ တိုင်ကြားစာ အရ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စုံစမ်း စစ်ဆေးမှု အရ မှော်ဘီမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူးနှင့် မြေတိုင်း-၄ တို့သည် ၂၀၁၄ ဖေဖော်ဝါရီ အတွင်းက မြေစာရင်း ပုံစံ ၁၀၅ နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ ရရှိအောင် ဆောင်ရွက်ပေးမည် ဆိုကာ စားကျက်မြေ အတွင်း နေထိုင်သည့် တောင်သူများထံမှ ၁ ဧကလျှင် ငွေကျပ် ၅ဝဝဝဝ နှုန်းဖြင့် တဝက်ကြေး ဖြစ်သည့် ငွေကျပ် ၂၅ဝဝဝ နှုန်းကို ကောက်ခံပေးရန် ရပ်မိရပ်ဖကို အကူအညီ တောင်းခံခဲ့သည်ဟု ဆိုသည်။
ကောက်ခံ ရရှိသည့် ငွေကျပ် ၁၅၅ဝဝဝဝ (တဆယ့် ငါးသိန်း ငါးသောင်း တိတိ)မှ လက်ထောက် ဦးစီးမှူး ဦးအောင်စိုးလင်း သည် ငွေကျပ် ၈ သိန်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ်သည် ငွေကျပ် ၃ သိန်းတို့အား မှော်ဘီမြို့ ဆိုင်ကယ်ဂိတ် အနီး Star စားသောက်ဆိုင်၌ လက်ခံ ရယူခဲ့ခြင်းသည် ရာထူး တာဝန်ကို အလွဲသုံးစား ပြု၍ အဂတိ လိုက်စားမှု ကျူးလွန် ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူထားသည် ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေး ရာထူး လက်ရှိ ရှိသူမှ အပ အခြား လုပ်ပိုင်ခွင့် အာဏာ ရှိသူ (သို့) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။