အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံ မင်းအောင်သည် ယနေ့တွင် စာ တင်၍ ရာထူးမှ နုတ်ထွက် လိုက်ကြောင်း သတင်းရရှိသည်။
လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင် ရာထူးမှ နုတ်ထွက်ကြောင်းကို ယနေ့ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ဧရာဝတီ တိုင်းလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၈ ရက်မြောက်နေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်သို့ အသိပေး ကြေညာသည်။
ငွေကြေး အလွဲသုံးစား ပြုလုပ်သည် ဟုဆိုကာ ဇန်နဝါရီလ ၁၃ ရက်တွင် NLD ပါတီမှ ရာသက်ပန် ထုတ်ပယ်ခံခဲ့ရသည့် နောက် ၁၈ ရက် အကြာတွင် ဦးစံမင်းအောင် အနေဖြင့် လွှတ် တော် ဒု ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်လိုက်ရခြင်း ဖြစ်သည်။
ဦးစံမင်းအောင်က“ကျနော့် အနေနဲ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့ပေမယ့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်ရှိနေမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထု မဲပေးရွေးချယ်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် အနေနဲ့ ပြည်သူ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင် ဆက်လက် ထမ်းဆောင်သွားမှာပါ”ဟု ဧရာဝတီ ကို ပြောသည်။
ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြု၍ ဧရာဝတီတိုင်း လွှတ်တော် အတွက် ကား များ ဝယ်ယူရာတွင် အဖွဲ့ခေါင်းဆောင် ဦးစံမင်းအောင် အနေဖြင့် ငွေကြေး အလွဲသုံးစား လုပ်ခဲ့သည်ဟု ပုသိမ်မြို့တွင် နေထိုင်သည့် NLD ပါတီနှင့် နီးစပ်သူ တဦးက တိုင်ကြားသည့် အတွက် NLD ပါတီ ဗဟိုမှ အရန် ဗဟို ကော်မတီဝင် ဦးကျော်ဟိုး ဦးဆောင်သည့် အထူးစုံစမ်းရေး အဖွဲ့ဖြင့် ပါတီတွင်း စစ်ဆေးပြီးနောက် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဦးစံမင်းအောင်ကို ဇန်နဝါရီလ ၁၅ ရက်တွင် ပါတီမှ ရာသက်ပန် ထုတ်ပယ်ခဲ့သည်။
ပါတီမှ ထုတ်ပယ်ခဲ့သည့် ဦးစံမင်းအောင်၏ ငွေကြေး ဆိုင်ရာ ကိစ္စရပ်များအား လိုအပ်သလို ဆောင်ရွက်နိုင်ရန် အတွက် NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့မှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ဆက်လက် အကြောင်း ကြားခဲ့ရာ ဦးစံမင်းအောင်ကို စစ်ဆေးရန် အဂတိ တိုက်ဖျက်ရေး ကော်မရှင် က ပြင်ဆင်နေကြောင်း သိရသည်။
ဦးစံမင်းအောင်က“ကျနော့် ကိစ္စကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ အကြောင်းကြားထားတယ်လို့ သိရ တယ်။ အဲဒါကိုလည်း ဥပဒေ အရ ရင်ဆိုင် သွားမှာပါ”ဟု ပြောဆိုသည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က“လစ်လပ်နေတဲ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နေရာကို လာမယ့် ၁၆ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ ရွေးချယ် တင်မြှောက်သွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
ဘိုကလေး မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်မှာ အသက် ၃၈ နှစ်အရွယ်ရှိသည့်အထက်တန်းရှေ့နေတဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘိုကလေးမဲဆန္ဒနယ်၌ ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရကာ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသူ တဦး ဖြစ်သည်။