သတင်းတို

နေပြည်တော် စည်ပင် ဌာနမှူးအား အဂတိမှုဖြင့် ထောင် ၃ နှစ် ချမှတ်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် ကောင်စီ နယ်မြေ စည်ပင် သာယာရေး ကော်မတီမှ တိရစ္ဆာန် ကုသရေးနှင့် သားသတ်ရုံများ ဌာန၊ ဌာနမှူး အား အဂတိ လိုက်စားမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ကြောင်း သိရသည်။

နေပြည်တော် စည်ပင် သာယာရေး ကော်မတီ ဌာနမှူး ၂ ဦး ဖြစ်သည့် တိရစ္ဆာန် ကုသရေးနှင့် သားသတ် ရုံများ ဌာန၏ ဌာနမှူး ဒေါက်တာ ခိုင်စိုးလှနှင့် ဈေးများ ဌာနမှ ဌာနမှူး ဦးမင်းလွင်စိုး တို့ကို သားသတ် လိုင်စင် ရရှိသူများ ဖြစ်သည့် ဦးမျိုး ခက်နှင့် ဦးဘိုဘိုဟန် တို့ထံမှ ငွေကြေးများ ရယူခဲ့ကြောင်း တိုင်ကြားသည့် အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးမြင့်ဇော်အောင်က တရားလို ပြုလုပ်ကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှု ၄ မှု ဖွင့်လှစ်ခဲ့ခြင်း ဖြစ် သည်။

ဌာနမှူး ၂ ဦး အနက် ဒေါက်တာ ခိုင်စိုးလှကို မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော်က အဂတိ လိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၅၆ နှင့် အမှု ၂ ခု လက်ခံ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော်မှ တရားသူကြီး က “ဒေါက်တာ ခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ငွေကျပ် ၅ သိန်း တကြိမ်၊ ငွေကျပ် ၁၀ သိန်းနှင့် လက်ဆောင် လက်ခံ ရယူခဲ့သည့် ဗွီဒီယို သက်သေများ အရ ပေါ်ပေါက်ခဲ့ သဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်” ဟု တရားခွင်တွင် ပြောဆိုသည်။

ဒေါက်တာ ခိုင်စိုးလှကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နှင့် တိုင်ကြားထားသည့် သူ ၂ ဦး ဖြစ်သည့် အတွက် အမှု ၁ ခုမှာ သက်သေ ခိုင်လုံခြင်း မရှိသဖြင့် အပြီးပြတ် လွှတ်ပေးသော်လည်း ကျန်တမှုတွင်မူ သက်သေ ခိုင်လုံ နေသည့် အတွက် ယင်းသို့ ချမှတ်ခြင်း ဖြစ်ကြောင်း တရားသူကြီးက ဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေး ရာထူး လက်ရှိ ရှိသူမှ အပ အခြား လုပ်ပိုင်ခွင့် အာဏာ ရှိသူ (သို့) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ကျန်တဦး ဖြစ်သည့် ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၁၉ ရက် က ငွေကျပ် ဆယ်သိန်း၊ ဦးဘိုဘိုဟန် ထံမှ ၂၀၁၇ ခုနှစ် မတ်လပိုင်းက ငွေကျပ်သိန်း ၂၀ တို့ကို နိုင်ငံ့ ဝန်ထမ်း လုပ်ပိုင်ခွင့် ရှိသူများ လုပ်ပိုင်ခွင့် အာဏာ ကို အလွဲသုံးစား ပြုကာ ငွေကြေး ရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည့်အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပ ဒေ ပုဒ်မ ၅၆ အရ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၀ ရက်က အမှုဖွင့် ဖမ်းဆီးခဲ့ထားသည်။

လက်ရှိ ဇမ္ဗူသီရီမြို့နယ် မြို့မ ရဲစခန်းနှင့် ဥတ္တရ သီရိ မြို့နယ် ဘုရားကုန်း နယ်မြေ ရဲစခန်းတို့တွင် အမှုဖွင့်ခဲ့ပြီး မန္တလေး တိုင်း ဒေသကြီး တရား လွှတ်တော်သို့ တရားစွဲဆို တင်ပို့ခဲ့ကာ ဦးမင်းလွင်စိုးကို ဆက်လက် စစ်ဆေးဆဲ ဖြစ်ကြောင်း သိ ရသည်။

ဆက်စပ်လင့် – စည်ပင် ဌာနမှူး ၂ ဦးအမှု မမှန်သက်သေ အရေးယူရန် တိုင်ကြားမှု ပယ်ချခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading