တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ ကိစ္စ အသေးစိတ် ညှိနှိုင်း ဆွေးနွေးရန် နှစ်နိုင်ငံ တာဝန်ရှိသူများ တရုတ်နိုင်ငံ ကူမင်း မြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု အဆင့်နှင့် တိုင်း၊ ပြည်နယ် ၅ ခု မှ စီမံ/ဘဏ္ဍာ ဝန်ကြီးများ တရုတ်နိုင်ငံ ကူမင်း မြို့သို့ ဖေဖော်ဝါရီ တတိယပတ်တွင် သွားရောက်မည်ဟု တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ ပူးတွဲကော်မတီမှ ဒေသ အဆင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အဖွဲ့ဝင်တဦး ဖြစ်သော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ် သူက ဧရာဝတီကို ပြောသည်။
ဦးမြတ်သူက“သူတို့(တရုတ်)ဘက်က ဘာတွေ လိုချင်တယ်၊ ဘာတွေ လုပ်မယ် ဆိုတာရယ် တို့ဘက်က သဘော ထား ဆန္ဒတွေကို အသေးစိတ် သွားဆွေးနွေးတဲ့ ညှိနှိုင်း အစည်းအဝေးပါပဲ။ တရုတ်ပြည်သွား သူတို့ပြောတာ နားထောင် ပြန်လာမှာတော့ မဟုတ်ပါဘူး”ဟု ပြောသည်။
အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စု အဆင့် ဝန်ကြီး တချို့အပါအဝင် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံတွင် ပါဝင်မည့် တိုင်း၊ ပြည်နယ် ၅ ခုတို့မှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးများနှင့် အတူ ပြင်ပမှ ပညာရှင် တဦးလည်း ပါဝင်မည်ဟု ဆိုသည်။
ယင်းအဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဖေဖော်ဝါရီ ၁၉ ရက်တွင် သွားရောက်မည် ဖြစ်ပြီး တပတ်ခန့် ကြာမြင့်မည့် ခရီးစဉ် တခုဖြစ်ကာ စားပွဲဝိုင်း အစည်းအဝေးသာမက ကူမင်းမြို့ အနီးဝန်းကျင်ရှိ စက်ရုံများ၊ စီးပွားရေး လုပ်ငန်းခွင် များ သို့ သွားရောက် လေ့လာမည့် အစီအစဉ်လည်း ပါရှိမည်ဟု ဦးမြတ်သူက ပြောသည်။
တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်း တခုဖြစ်သော ခါးပတ် တကွင်း လမ်းတစင်း (One Belt One Road) ၏ အစိတ် အပိုင်း တခုဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံသည် တရုတ် အစိုးရက မြန်မာနိုင်ငံ အတွင်း မူဆယ်-မန္တလေး ရထားလမ်း အပါအဝင် လမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ တို့နှင့် အဓိက ဆက်စပ်သော လုပ်ငန်း ၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက် တခု ဖြစ်ကြောင်း သိရသည်။
လုပ်ငန်း စီမံချက် အကောင်အထည် ဖော်နိုင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် နှစ်နိုင်ငံ အစိုးရက နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီး ဖြစ်ပြီး လုပ်ငန်း ၉ ခု အလိုက် ကဏ္ဍ အသီးသီး အတွက် ထပ်မံ၍ နှစ်နိုင်ငံ သဘောတူ နားလည်မှု စာချွန်လွှာများ ရေးထိုးသွားမည် ဖြစ်ကြောင်း ဦးမြတ်သူက ပြောဆိုသည်။
ထို့အတွက် ယခု ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ လုပ်ငန်း ၉ ခု အလိုက် တရုတ် အစိုးရ၏ အဆိုပြုချက်များ အပေါ် မြန်မာ အစိုးရ တာဝန်ရှိသူများက လိုတိုးပိုလျှော့ ကိစ္စများ ညှိနှိုင်း ဆွေးနွေးရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဦးမြတ်သူက“အသေးစိတ် ဆွေးနွေးပြီးနောက်မှာ အားသာချက်၊ အားနည်းချက်တွေ ပိုထွက်လာမှာ ဖြစ်သလို နှစ်ဖက် အကျိုးဖြစ်စေမယ့်၊ တို့ ပြည်သူတွေ မနစ်နာစေမယ့် အရာတွေကိုပဲ ဦးစားပေး လုပ်သွားကြဖို့ အစိုးရက သဘောထား ရှိပါတယ်”ဟုလည်း ပြောပြသည်။
နိုင်ငံရေး သိပ္ပံ မဟာ ကျောင်းသား ဦးခင်မောင်စိုးက“တရုတ်နိုင်ငံရဲ့ ပိုးလမ်းမ စီမံကိန်းက ကမ္ဘာနိုင်ငံ တော်တော် များ များကို ကုန်းလမ်း၊ ရေလမ်းနဲ့ ချိတ်ဆက်မယ့် တရုတ်ရဲ့ မဟာ စီမံကိန်းကြီးပေါ့။ အဲဒီမှာ ကျနော်တို့ နိုင်ငံ ထူးခြားချက် က ကုန်းလမ်း၊ ရေလမ်း နှစ်ခုလုံးနဲ့ ဆက်စပ်နေတယ်။ ဒါပေမယ့် တိုင်းပြည်မှာ မူဝါဒတွေက ထင်သာမြင်သာ သိပ် မရှိ ဘူး။ နိုင်ငံရေး ခေါင်းဆောင်မှု ကောင်းကောင်း နဲ့ လုပ်သွားမယ် ဆိုရင် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံက ကျနော် တို့ နိုင်ငံ အတွက် အများကြီး အကျိုးရှိမှာပါ”ဟု ဧရာဝတီကို ပြောသည်။
ဆက်စပ် ဖတ်ရှုရန် –
တရုတ် စီမံကိန်းများ အတွက် စိုးရိမ်ရန် မလိုဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဆို
တရုတ်-မြန်မာ စီးပွားရေး စြင်္ကံက အကြွေးထောင်ချောက်မိမှာ စိုးရိမ်နေကြ