ရန်ကုန်မြို့ သိမ်ဖြူလမ်း ဝန်ကြီးများရုံးတွင် ကျင်းပမည့် အမေရိကန်-မြန်မာ ရိုးရာ အစားအစာ ပွဲတော် (Night Fest at the secretarait)မှာ ပြည်သူများကြား ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည့် အတွက် ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်း လိုက်ကြောင်း ပွဲစီစဉ်သူများက ဖေဖော်ဝါရီ ၈ ရက်၌ ထုတ်ပြန်လိုက်သည်။
အဆိုပါ ညဈေးတန်းပွဲကို ဝန်ကြီးများရုံး၌ ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် (ပြည်ထောင်စုနေ့) ညနေ ၄ နာရီမှ ၁၀ နာရီ အထိ ကျင်းပရန် စီစဉ်ထားပြီး မြန်မာ့ ရိုးရာ အစားအစာများနှင့် အမေရိကန် အစားအသောက်များကို ရောင်းချ ပေးသွား မည်ဟု Signature Night Market Event Planning Company က ကြေညာထားသည်။
ထို့ပြင် အမေရိကန် နိုင်ငံမှ အဆိုတော်များ၊ မြန်မာနိုင်ငံမှ အဆိုတော်များ ပါဝင် ဖျော်ဖြေမည့် ဂီတပွဲ၊ မြန်မာ့ ရိုးရာ အက များ ကပြခြင်း စသည့် ဖျော်ဖြေပွဲများလည်း ပါဝင်ပြီး ဝင်ကြေး လက်မှတ် နှုန်းထား အနေနှင့် ပြည်တွင်းမှ တဦးလျှင် ကျပ် ၅ ထောင်၊ နိုင်ငံခြားသား တဦးလျှင် ၁၀ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။
သမိုင်းဝင် နေရာ၌ ကျင်းပမည် ဖြစ်သောကြောင့် စိတ်ဝင်စားသူ များပြားခဲ့သော်လည်း ညဈေးတန်း၌ ဝိုင်နှင့် ခေါင်ရည်များ ပါရောင်းချရန် ပါဝင်နေသည့် အပေါ်ဝေဖန်ခဲ့ကြသဖြင့် ထိုသို့ ရောင်းချရန် ပြန်လည် ပယ်ချ ထားခဲ့သည်။
ယင်းသို့ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ကိုလိုနီ အဆောက်အအုံလည်း ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အာဇာနည် ခေါင်းဆောင်များ ကျဆုံးရာ သမိုင်းဝင်ရုံးလည်း ဖြစ်သည့် ဝန်ကြီးများရုံး၌ ညဈေးတန်း ပွဲတော် ပြုလုပ်ခြင်း အပေါ် ပြည်သူ များက ဝေဖန်မှုများ ရှိလာသဖြင့် ပွဲ အစီအစဉ်အား ရွှေ့ဆိုင်းခြင်း ထုတ်ပြန်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ပွဲ ရွှေ့ဆိုင်းလိုက်သည့် အတွက် ပွဲဖြစ်မြောက်ရေး အဖွဲ့များနှင့် Signature Night Market Event Planning Company တို့ က လက်မှတ် ဝယ်ယူထားသူများ အတွက် ကျသင့်ငွေကို ပြန်လည် ထုတ်ပေးခြင်း၊ ပွဲတော်တွင် ဈေးရောင်းချမည့် သူများ နှင့် မိတ်ဖက် ကုမ္ပဏီများ အတွက်လည်း လိုအပ်သည့် ရှင်းလင်းမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ထို့ပြင် ထုတ်ပြန်ချက်၌ ဝန်ကြီးများ ရုံးဘက်ကလည်း အများပြည်သူ၏ ဝေဖန် အကြံပြုချက်များကို အလေးပေး ထည့်သွင်း စဉ်းစားပေးသွားမည် ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သူမြို့သားများ အတွက် အလွယ်တကူ တက်ရောက်နိုင်ပြီး အဓိပ္ပာယ် ပြည့်ဝသော အခမ်းအနားများနှင့် ပြပွဲ အတွေ့အကြုံများ ရရှိနိုင်ရန် အတွက် နောင်လာမည့် ဝန်ကြီးများရုံးရှိ အခမ်းအနား များတွင် နိုင်ငံတော် ခေါင်းဆောင်များ၊ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ဖော်ပြသည်။
အတွင်းဝန်ရုံးဟုလည်း ခေါ်သည့် ဝန်ကြီးများရုံးကို အာဇာနည် ပြတိုက် အဖြစ် ယခု နှစ် အတွင်း ဖွင့်လှစ်နိုင်ရန် ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်လျက် ရှိကြောင်း အတွင်းဝန်ရုံး ပြုပြင်ထိန်းသိမ်း စောင့် ရှောက်ရေး အဖွဲ့က ပြောကြား ထား သည်။