Yoma က YKKO ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်း ဝယ်ယူ
မြန်မာနိုင်ငံ၏ နာမည်ကြီးစားသောက်ကုန်လုပ်ငန်းထဲမှ တခုဖြစ်သော YKKO (Yankin Kyay Oh Group of Companies Limited ) ကြေးအိုးကုမ္ပဏီမှ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို Yoma Strategic Holdings ကုမ္ပဏီမှ ဝယ်ယူလိုက်ကြောင်း ထုတ်ပြန် ကြေညာသည်။
အဆိုပါ ဝယ်ယူလိုက်သည့် Yoma Strategic Holdings ကုမ္ပဏီသည် စင်ကာပူနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီများတွင် ပါဝင်သော ကုမ္ပဏီတခုဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ် နှင့် အကြီးစား ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေး ကော်ပိုရေးရှင်း ဖြစ်ကာ ရန်ကုန်မြို့သစ် စီမံကိန်းကို ဦးဆောင် အကောင်အထည် ဖော်နေသော FMI ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Serge Pun ခေါ် ဦးသိမ်းေ၀ ဦးဆောင်နေသည့် ကုမ္ပဏီဖြစ်သည်။
Mr. Pun ခေါ် ဦးသိမ်းဝေက“အခုလိုအစုရှယ်ယာ ဝယ်ယူလိုက်တာက Yoma F&B ရဲ့ ဆိုင်ခွဲ အရေအတွက်က နှစ်ဆ တိုးပွားလာမှာ ဖြစ်တယ်။ YKKO ကလည်း နိုင်ငံတကာအမှတ်တံဆိပ်တွေနဲ့ လိုက်လျောညီထွေ ရှိတယ်။ လုပ်ငန်း ဝင်ငွေ တိုးပွားပြီး ဘဏ္ဍာရေး လည်ပတ်မှု ပိုမိုကောင်းမွန်ဖို့ အတွက်ဖြစ်တယ်”ဟု ပြောသည်။
Yoma F&B (Yoma Food and Beverage) ရိုးမ အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းစုတွင် KFC ၊ ရိုးမ ဘီယာ၊ High Class Whiskey စသည်တို့ ပါဝင်ကြောင်း သိရသည်။
YKKO ၏ အစုရှယ်ယာများကို ဝယ်ယူရခြင်းမှာ လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မော်လမြိုင်တို့၌ ဆိုင်ခွဲပေါင်းများစွာဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်တွင်းစားသောက်ဆိုင်လုပ်ငန်းတခု ဖြစ်လာခြင်းတို့ကြောင့် YKKO ၏ ဝယ်သူ၊ရောင်းသူ သဘောတူညီချက်၊ လက်ရှိနှင့် ခန့်မှန်းဝင်ငွေ စသည့်အချက်တို့ကို ထည့်သွင်းစည်းစား၍ စုစု ပေါင်း မြန်မာ ကျပ်ငွေ ၁၉.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၆ သန်း) ပေးချေဝယ်ယူခြင်း ဖြစ်ကြောင်း ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။
Yoma Strategic ၏ CEO ဖြစ်သူ Mr. Melvyn Pun က“YKKO က ကျနော်တို့နဲ့ ကြီးပြင်းခဲ့တာ နှစ်ပေါင်း ၃၀ ရှိပြီ။ မိသားစု ဆိုင်လေးကနေ စခဲ့တာဖြစ်တယ်။ အနာဂတ်မှာ ပိုမိုတိုးတက်အောင် ကျနော်တို့က ပံ့ပိုး ကူညီသွားမှာ ဖြစ် တယ်”ဟု ပြောသည်။
ဆက်လက်၍ YKKO ၏ ဥက္ကဌ ဒေါ်ယုယုလွင်က Yoma Strategic Holdings ကုမ္ပဏီနှင့် ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ရခြင်းမှာ နိုင်ငံတကာကို တက်လှမ်းနိုင်သော မြန်မာ အမှတ်တံဆိပ် အတွက် ဖြစ်ကြောင်း ပြောသည်။
YKKO ကြေးအိုးကို မိသားစု စားသောက်ဆိုင် အဖြစ် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ တွင် ဆိုင်ခွဲပေါင်း ၄၀ ကျော်နှင့် နိုင်ငံတကာတွင် ဆိုင်ခွဲပေါင်း ၃၇ ဆိုင် ဖွင့်လှစ် ထားသည်ဟုလည်း ၎င်းက ပြောပြ သည်။