သတင်းတို

အီရန် သေခံဗုံးခွဲမှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ သေဆုံး

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာသော ဘတ်စ်ကားတစီးပေါ်တွင် အသေခံ ဗုံးခွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကြောင်း အစိုးရသတင်း IRNA က ဖော်ပြသည်။

IRNA ဖော်ပြချက်အရ “ခါရှဇာဟီဒင်လမ်းမပေါ်မှာ အစ္စလမ္မစ် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ပါလာတဲ့ ကားထဲ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တာပါ၊ သတင်းပေးပို့ချက်တွေအရတော့ အနည်းဆုံး တပ်ဖွဲ့ဝင် ၂၀ သေပြီး ဒဏ်ရာရတာ အယောက် ၂၀ ရှိပါတယ်” ဟု သိရသည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အီရန်တော်လှန်ရေး တပ်ဖွဲ့ကလည်း အတည်ပြုကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ရာ ၎င်းတပ်ဖွဲ့ဝင်များသည် နယ်စပ်မှ ပြန်လာစဉ် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဆိုထားသည်။

“ယခုအသေခံဗုံးခွဲတိုက်ခိုက်မှုမှာ မြေပြင်တပ်ဖွဲ့ဝင်တစု လိုက်ပါစီးနင်းလာသည့် ဘတ်စ်ကားတစီးကို ကားအသေးတစီးက ဘေးချင်းယှဉ်မောင်းပြီး ဖောက်ခွဲလိုက်တာဖြစ်ပြီး၊ အစ္စလမ်မစ် အမိမြေ၏ နယ်စပ်ကို အကာအကွယ်ပေးနေသူတစု သေကြေဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုသည် အီရန်နိုင်ငံအရှေ့တောင်ပိုင်း၌ မတည်မငြိမ်ဖြစ်နေသည့် စစ္စတန်ဘဲလူချစ္စတန်ပြည်နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရပြီး အီရန်နှင့် ပါကစ္စတန် နယ်စပ်မျဉ်းကို ခွလျက် ဆွန်နီမွတ်ဆလင်ဘာသာဝင် ဘဲလူချီ လူမှု အသိုင်း အဝိုင်း အများစုနေထိုင်ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်ကလည်း စစ္စတန်ဘဲလူချစ္စတန်ပြည်နယ်၏မြို့တော် ဇာဟီဒင်မှာ ဗုံးသမား ၃ ဦးက ဖောက်ခွဲရန်ကြိုး စားစဉ် ဒုတိယဗုံးကို စနက်တံဖြုတ်ရင်း ပေါက်ကွဲ၍ ၎င်းတို့ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲက ပြောကြားခဲ့သည်။

ဇူလိုင်လကလည်း အီရတ်နှင့်နယ်စပ်တလျှောက်ရှိ စစ်စခန်းများသို့ သူပုန်များဝင်တိုက်ခဲ့ရာ အီရန်တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ရသည်။

Loading