စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု သေဆုံးသူ၏ဇနီးကို စတင် စစ်ဆေး
ရခိုင်ပြည်နယ် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် (စရဖ) ကိုဖိုးလုံး (ခ) တပ်ကြပ် ဝင်းထိုက် သေဆုံးမှုနှင့် ပတ်သက်၍ ၎င်း၏ ဇနီးကို စတင် စစ်ဆေးကြောင်း သတင်းရရှိသည်။
အဆိုပါ စရဖ တပ်ဖွဲ့ဝင် သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီး တရားစွဲဆိုထားသည့် ရခိုင် လူငယ် ၄ ဦး အမှုကို ဖေဖော်ဝါရီ လ ၁၈ ရက် မွန်းလွဲပိုင်းက စစ်တွေ ခရိုင် တရားရုံးတွင် ၅ ကြိမ်မြောက် ရုံးထုတ်ရာတွင် စစ်ဆေးခြင်း ဖြစ်သည်။
တရားစွဲခံထားရသည့် ရခိုင်လူငယ် ၄ ဦးဘက်မှ လိုက်ပါ ဆောင်ရွက်သည့် ရှေ့နေ ဒေါ်အေးနုစိန်က“မနေ့က ရဲကျော်သူပါ ၄ ယောက်နဲ့ ပတ်သက်ပြီးတော့ တရားလို မမွှေးဇာနည်အောင်ကို စစ်ဆေးတယ်။ တရားလိုဘက်ကတော့ နဂို တိုင်တန်း ချက်ထက် ပိုပြီးတော့ ချဲ့ကား ထွက်ဆိုတာ ရှိတယ်။ ဘာတွေ ထွက်ဆိုတယ် ဆိုတာတော့ ဒီအချိန်မှာ ထုတ်ဖော်ပြောရမှာ သိပ်အဆင်မပြေသေးဘူး”ဟု သတင်း မီဒီယာများကို ပြောသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်တွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ စရဖ တပ်ဖွ့ဲဝင် ကိုဖိုးလုံး သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ ခံရမှုနှင့် ပတ်သက်ပြီး ကိုရဲကျော်သူပါ ရခိုင်လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က သံသယဖြင့် ဖမ်းဆီးကာ လူသတ်မှု ပုဒ်မ ၃၀၂၊ ပူးပေါင်း ကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စစ်တွေခရိုင် တရားရုံးတွင် ဇန်နဝါရီလ ၁၄ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီး တရားစွဲခံရသော ရခိုင်လူငယ်များမှာ ရခိုင် အမျိုးသား ပါတီမှ ကိုမေယုထွန်း (ခ) ဇော်ဝင်း၊ ကိုရဲကျော်သူနှင့် ဘူးသီး တောင် မြို့နယ်မှ ကိုအောင်ချေ (ခ) အောင်ဇော်လင်း၊ ပေါက်တော မြို့နယ်မှ ကိုခိုင်ဘိုဘို (ခ) ခိုင်သော်တို့ ဖြစ်သည်။
တရားစွဲခံ ကိုမေယုထွန်း (ခ) ဇော်ဝင်းက“ကျနော်တို့ကို ဒီလို မတရား ဖမ်းဆီးနေတာတွေဟာ တော်လှန်ရေး နယ်ပယ်ကို သွားအောင် တမင်တကာ တွန်းအားပေးနေတယ်လို့ ထင်ပါတယ်။ အစိုးရဟာ တိုင်းရင်းသား လူငယ်တွေကို စည်းရုံးရမယ့် အစား နိုင်ငံရေး ထောင်ချောက်တွေ ဆင်ပြီးတော့ လုပ်နေတာတွေဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက် စေတဲ့ အပြင် ပြည်ထောင်စုကိုလည်း ဖြိုကွဲ ဖျက်ဆီးလိုက်တယ်လို့ ပြောချင်ပါတယ်”ဟု ရုံးထုတ် အပြန်တွင် သတင်း မီဒီယာ များသို့ ပြောဆိုသည်။
အဆိုပါ အမှုအား စစ်တွေ ခရိုင် တရားရုံးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုံးချိန်း ထပ်မံ ချိန်းဆို ထားကြောင်း သိရသည်။