ဗြိတိန် အစိုးရက မြန်မာနိုင်ငံ၏ အဓိက ကဏ္ဍ လေးခုတွင် အကူအညီ ပေးရန် အမေရိကန် ဒေါ်လာ သန်း ၂၃၀ အသုံးပြု သွားမည် ဖြစ်ကြောင်း UK aid မှသိရသည်။
UK aid အကြီးအကဲ Dr Gail Marzetti က “ကူညီ ပံ့ပိုးမှုတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အဓိက အားဖြင့် ဆင်းရဲနွမ်းပါးပြီး ပဋိပက္ခ ဖြစ်ပွားတဲ့ ပြည်နယ်တွေ ဖြစ်တဲ့ ချင်း၊ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေကို ဦးစားပေး ပံ့ပိုး ကူညီသွားမှာပါ ” ဟု ပြောသည်။
အဆိုပါ ကဏ္ဍလေးခု အနက် ကဏ္ဍ (၁)အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အား ပံ့ပိုးခြင်း၊ အသိုင်းအဝိုင်း နှစ်ခု ကြားရှိ တင်း မာမှုများကို ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ပြည်သူများနှင့် အစိုးရ ကြားရှိ ထိတွေ့ ဆက်ဆံမှုများ ပိုမို တိုးတက် ဖြစ်ထွန်းစေရန်၊ လွှတ်တော်နှင့် ရွေးကောက်ပွဲ ဖြစ်စဉ်ကို ကူညီပံ့ပိုးခြင်း တို့ ဖြစ်သည်။
ကဏ္ဍ ၂ မှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးခြင်းနှင့် ပြည်သူ့ ရန်ပုံငွေနှင့် သဘာဝ ရင်းမြစ်များကို စီမံခန့်ခွဲမှုများ ပိုမို ကောင်းမွန် လာစေရန် ပံ့ပိုးခြင်း အားဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပေးရန် ဖြစ်သည်။
ကဏ္ဍ ၃ သည် ပဋိပက္ခ ဒဏ်ခံရသော ဒေသများ အထူးသဖြင့် ဝေးလံ ခေါင်ဖျားသော ဒေသနှင့် တိုင်းရင်းသား ဒေသများရှိ ပြည်သူများ အဓိကအားဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ၏ ပိုမို ကောင်းမွန်သော ပညာရေးနှင့် ကျန်းမာရေး ရရှိနိုင်စေ ရန် ပံ့ပိုး ကူညီခြင်း ဖြစ်သည်။
ကဏ္ဍ ၄ အနေဖြင့် နိုင်ငံတဝှမ်းရှိ သဘာဝဘေး အန္တရာယ်နှင့် ပဋိပက္ခ သက်ရောက်မှုဒဏ် ခံစားရသူများအား အထောက် အကူ ပံပိုးမှုများ ကူညီခြင်းနှင့် ရေရှည် တည်တံ့သော လူမှုဘဝ ပြန်လည် ထူထောင်ရေးကို မြှင့်တင်ခြင်း စသည်တို့ ဖြစ်ကြ သည်။
ယင်းသို့ ၂၀၁၉ ခုနှစ်အတွက် ကူညီပံ့ပိုးမှုများကို လာမည့် ဧပြီလ၌ စတင်မည် ဖြစ်ကြောင်း Dr Gail Marzetti က ပြောဆို သည်။
ထိုကဏ္ဍများတွင် အကူအညီ ပေးရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို တိုးတက်လာစေရန်၊ ကောင်းမွန်သော အလုပ်အကိုင်နှင့် ဝင်ငွေများ ရရှိလာစေရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးရာ အစိုးရ အသုံးစရိတ် ဝေစုများ တိုး တက်လာစေရန် တို့အတွက် ကူညီ ပံ့ပိုးခြင်း ဖြစ်သည် ဟု UK aid က ဆိုထားသည်။
မြန်မာနိုင်ငံ အတွက် ဗြိတိန် အစိုးရ၏ ထောက်ပံ့ပေးသည့် ပုံစံမှာ တိုက်ရိုက် ထောက်ပံ့ပေးခြင်းနှင့် အခြားသော အဖွဲ့ အစည်းများ ကတဆင့် ထောက်ပံ့ပေးမှု ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။
ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ် အတွင်းရှိ စစ်ရှောင် စခန်းများကို ကူညီသည့် အခါ အခြားသော အဖွဲ့အစည်းများမှ တဆင့် ထောက်ပံ့မှုနှင့် ဗြိတိန် အစိုးရက စီစဉ် ဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့အတူ ၂၀၁၈ ခုနှစ်တွင်လည်း ဗြိတိန် အစိုးရ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးတွင် လုပ် ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဒေါ်လာသန်း ၂၀၀ အသုံးပြုခဲ့ပြီး ဖြစ်သည်။