ထိုင်း-မြန်မာ နယ်စပ် တပ်ခ်ခရိုင် မဲဆောက်မြို့ပေါ်ရှိ ကဖိဘန်း ရပ်ကွက်၌ မြန်မာ ရွှေ့ပြောင်း အလုပ် သမားတဦးက သားဖြစ်သူကို ၆နှစ် အရွယ် ကလေးငယ်ကို သတ်ဖြတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
သတ်ဖြတ်သူမှာ ကိုပု(၅၆နှစ်) ဖြစ်ပြီး ပန်းရံနှင့် ကျပန်း အလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်း၊ သားဖြစ်သူ မောင်နေဆန်းကို မည်သည်အတွက် သတ်ဖြတ်ရသည့် အကြောင်းအရင်းကို ထိုင်းရဲတပ်ဖွဲ့၏ စစ်ချက် ထွက်မလာသေးသော်လည်း ကိုပုမှာ နေ့စဉ် အရက်သောက်၍ မူးနေသူဖြစ် ကြောင်း၊ လောင်းကစား နှင့်လည်း မကင်းကြောင်း၊ ဇနီးနှင့် ကွဲကွာနေပြီး ဇနီးဖြစ်သူမှာလည်း နောက်အိမ်ထောင်နှင့် ဘန်ကောက်သို့ လိုက် သွားကြောင်း တရက်ကွက်တည်းနေသူများက ပြောသည်။
တရက်ကွက်တည်းနေသည့် ကိုရဲနောင် က “သူ့ကလေးကို ထမ်းလာတာတွေ့တာ။ ရပ်ကွက်ထဲက လူတွေက ဝိုင်းမေးတော့ ဆေးရုံပို့မလို့တဲ့ နောက်ပြီး ပုလိပ် (ရဲ) တွေ လာမေးတော့ ကိုပုက ကလေးကို မနက် ၄ နာရီလောက်က သူကိုယ်တိုင် လည်ပင်းကို ဓားနဲ့လှီး သတ်မိကြောင်း ဝန်ခံတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတွက် ကိုပုကို ထိုင်းရဲတပ်ဖွဲ့က သက်သေခံ ဓားနှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့ သားဖ ၂ ဦးနေထိုင်သည့် လယ်ကွင်းစပ်က တဲအိမ်သို့သွားရောက် စစ်ဆေးကြည့်ရာတွင် ကြမ်းပြင်တွင် စောင်နှင့် အဝတ်တချို့တွင် သွေးများ ပေကြံနေသည်ကို ထိုင်းသတင်းဌာနများ၏ ရုပ်သံသတင်း ဖော်ပြချက်များတွင် တွေ့ရသည်။
ကိုပုသည် ဇနီးသည် နောက်အိမ်ထောင်ပြုသွားပြီးနောက် သားနှင့်အတူ နှစ်ဦးတည် နေထိုင်ကာ သွားလေရာသို့ မောင်နေဆန်းအား ခေါ် သွားလေ့ရှိကြောင်း၊ ယခုကဲ့သို့ ကိုယ်တိုင် သတ်ဖြတ်လိုက် သည် ဆိုသည့် ဖြစ်စဉ်အပေါ် အံ့အားသင့်နေကြကြောင်း သိရသည်။
“သူ့ကလေးကို တော်တော်ချစ်တာ။ ဘယ်သွားသွား မခွဲဘူး။ သူ့ယောက်က္ခမ အိမ်မှာတောင် မထား ဘူး။ အရက်ဆိုင်သွားလည်း အရက် ဆိုင်ခေါ်သွားတယ်။ အလုပ်သွားလဲ အလုပ်ကို ခေါ်သွားတယ်။ တတွဲတွဲပဲသွားနေတာ။ လူတိုင်းလည်း သူသတ်တယ်ဆိုတာ မယုံဘူးဖြစ် နေတယ်” ဟု ကိုရဲနောင် က ဆက်ပြောသည်။
၂၀၁၈ ဒီဇင်ဘာလကလည်း မဲဆောက်မြို့နယ်တွင် ၄ လသား ကလေးတဦး အပါအဝင် ကျပန်းလုပ် ငန်း လုပ်ကိုင်နေသည့် ရွှေ့ပြောင်း လုပ်သား မြန်မာမိသားစု တစု လေးလောင်းပြိုင် အသတ်ခံရမှု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်၌ လူသတ်သမားများမှာ မြန်မာနိုင်ငံသားများပင်ဖြစ်ပြီး စကားများရာမှ အညိုးအတေးထားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းလူသတ်မှုတွင် တရားခံများမှာ ကနဦး ထွက်ပြေးလွတ်မြောက်နေခဲ့သော်လည်း တပတ်အတွင်း ဖမ်းဆီးနိုင်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မဲဆောက်တွင် မြန်မာ မိသားစု ၄ လောင်းပြိုင် အသတ်ခံရ
မဲဆောက် ၄ လောင်းပြိုင်လူသတ်မှု တရားခံများ မိပြီ