လစ်လပ် နေသည့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဒု ဥက္ကဋ္ဌ နေရာကို အထက်တန်း ရှေ့နေ တဦး ဖြစ်သူ ဓနုဖြူ မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစန်းထွေးကို ရွေးချယ် ခန့်အပ်ကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့ တွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခင် လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်ကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်တွင် အသုံးပြုရန် ကား ၅ စီး ဝယ်ယူ သည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ရာသက်ပန် ထုတ်ပယ်ခံရပြီးနောက် ရာထူးမှ ဒုဥက္ကဋ္ဌ ရာထူးမှလည်း ၎င်း၏ဆန္ဒအလျောက် နုတ်ထွက်သွားခဲ့သည့် အတွက် လစ်လပ်နေခဲ့သည့် ဒု ဥက္ကဋ္ဌ နေရာကို ဓနု ဖြူ အမတ် ဦးစန်းထွေးအား ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓနုဖြူအမတ် ဦးစန်းထွေးက“လွှတ်တော်ကို ဥပဒေတွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေနဲ့ အညီ တည့်မတ်အောင် ထိန်း ကျောင်း သွားမယ်။ နောက်တခုက ဧရာဝတီ လွှတ်တော်က လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်နေပါတယ်။ အဲဒီ တည်ဆောက်ရေး ကော်မတီမှာ ကျနော်က ဥက္ကဋ္ဌ ဆိုတော့ ကျနော်တို့ သက်တမ်းအတွင်းမှာ လွှတ်တော် အဆောက် အအုံကို အမြန်ဆုံးပြီးအောင် လုပ်ဆောင်သွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
ရာထူးမှ နုတ်ထွက်ခဲ့သည့် ယခင် လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်မှာ ဥပဒေ ဘွဲ့ရ အထက်တန်းရှေ့နေ တဦး ဖြစ်ပြီး လွှတ်တော် ဒုဥက္ကဋ္ဌသစ်ဖြစ်လာသည့် ဦးစန်းထွေးမှာလည်း အသက် ၆၄ နှစ် အရွယ်ရှိသည့် ဓနုဖြူမြို့မှ အထက် တန်း ရှေ့နေတဦး ဖြစ်သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဓနုဖြူမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်တွင် ခိုင်လုံမဲ ၆၂ ရာခိုင်နှုန်းဖြင့် အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ပြုရေး ကော်မတီ အတွင်းရေးမှူးနှင့် ပြည်သူတို့၏ တင်ပြစာ၊ တိုင်ကြားစာနှင့် အသနား ခံစာ ဆိုင်ရာ ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။