ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင် အမိန့် ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
အမှုတွင် တရားလိုပြ သက်သေ အဖြစ် လူ ၃၀ ကျော် တင်ပြထားပြီး တရားလိုပြ သက်သေများကို စစ်ဆေးပြီး ဖြစ်သည့် အတွက် ဖေဖော်ဝါရီလ ၂၂ ရက်က နှစ်ဖက် လျှောက်လဲချက် တင်ခဲ့ကာ ယနေ့ ရုံးချိန်း၌ မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော်က ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နှင့် စွဲချက်တင် အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ သန်းထွဋ်၏ ရှေ့နေ ဦးချစ်ကိုကိုက“ဒီနေ့မှာတော့ သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ စွဲချက်အမိန့်ချခဲ့တာ ဖြစ်တယ်။ ပြန်ခေါ်သက်သေ ၁၁ ယောက် ခေါ်ထားတယ်။ လာမယ့် မတ်လ ၈ ရက်နေ့မှာ ပြန်ခေါ်သက်သေတွေကို စစ်သွားမယ်”ဟု ပြောသည်။
ဒေါက်တာ သန်းထွဋ်သည် FDA ဓာတ်ခွဲခန်း ဆောက်လုပ်ရန် တင်ဒါ ရရှိခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီထံမှ ကျပ်သိန်း ၁၅၀၀ ကျော် အဂတိ လိုက်စားခဲ့သည် ဟုဆိုကာ ဧပြီလ၂၀ ရက်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ် ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလို ပြုလုပ်၍ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ သန်းထွဋ်သည် FDA (နေပြည်တော်) အတွက် ဓာတ်ခွဲခန်း အဆောက်အအုံ ၂ လုံးနှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ခရိုင်ရုံး ၁၂ ခုတို့ကို တင်ဒါ အောင်မြင် ဆောက်လုပ်ခွင့် ရရှိခဲ့သော ရဲတိုက် မြို့တော် ကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီများ ထံမှ အဂတိ လိုက်စားမှုများ ပြုလုပ်ထားသည်ဟု ဆိုကာ နေပြည်တော် ဇမ္ဗူသီရိမြို့မ ရဲစခန်း၌ အမှုဖွင့်၍ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးရာတွင် ကျပ်သိန်း ၁၅၀၀ ခန့် ကို လုပ်ပိုင်ခွင့် အာဏာ အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုများ ပြုလုပ်ထားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
ထို့နောက် ဒေါက်တာ သန်းထွဋ်ကို ဇမ္ဗူသီရိ မြို့မ ရဲစခန်းက၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်၌ တရားသူကြီး ဒေါ်တင်နွယ်ဝင်းက မေလ ၄ ရက်၌ စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ၌ နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့် အာဏာရှိ သူ မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထိုသို့ စွပ်စွဲချက်နှင့် ပတ်သက်၍ ဒေါက်တာ သန်းထွဋ်ကမူ ၎င်းအနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီထံမှ အကျိုးအမြတ် ရ ယူခြင်း မရှိခဲ့ကြောင်း ပြောကြားထားသည်။
ဆက်စပ် ဖတ်ရှုရန် – အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသည့် FDA ညွှန်ချုပ်အမှု စတင်စစ်ဆေး
အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်ကို အမှုဖွင့်ထား