ထိုင်းနိုင်ငံ တာခ်ခရိုင် အုန်းဖန်ဒေသရှိ နို့ဖိုး မြန်မာဒုက္ခသည်စခန်းတွင် ယနေ့မွန်းလွဲပိုင်းကမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်၌ စခန်းအတွင်းရှိ အိမ်ခြေ ၅၀ ကျော်ပါသွားကြောင်း ဒုက္ခသည်အချို့ က ပြောသည်။
မီးလောင်မှုဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် ဒုက္ခသည် တဦးက “စတွေ့တဲ့ အချိန် ၂ အိမ်ပဲလောင်သေးတယ်။ လေက တိုက်တော့ ငြိမ်းလို့မနိုင်ဘဲ အများကြီးပါသွားတာ။ တချို့အိမ်တွေဆိုရင် မီးမစွဲခင် ကြိုဖျက်လိုက်ရတယ်။ ဘယ်လိုက စလောင်တာလဲဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စတင်လောင်မှု၊ ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက် ဒဏ်ရာရရှိမှု စသည့် အချက်များနှင့် ပတ်သက်၍ စိစစ်ရဦးမည်ဖြစ်သဖြင့် လတ်တလော ထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးကြောင်း ကရင်ဒုက္ခသည် စခန်းကော်မတီ (KRC) ဥက္ကဋ္ဌ စောရောဘတ်ထွေး ကပြောသည်။
စောရောဘတ်ထွေး က “လောလောဆယ် ကျနော်တို့ ဘာမှပြောလို့ မရသေးဘူး။ မနက်ဖြန်လောက်မှ အသေးစိတ် အခြေအနေ သိရမှာပါ။ အဲဒီမှာမှ ကျနော်တို့ ဘယ်လိုပြန်လုပ်ပေးရမလဲဆိုတာ သိရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
နို့ဖိုးဒုက္ခသည်စခန်းကို ၁၉၉၆ ခုနှစ်တွင် တည်ခဲ့ပြီး ထိုစခန်းကို ရောက်ရှိလာသူများမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် အခြားနီးစပ်ရာ ဒေသများ ကရင်တိုင်းရင်းသား အများစုဖြစ်ပြီး ၎င်းတို့သည် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် လာရောက်ခိုလှုံနေကြရသူများဖြစ်သည်။
နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) ၏ နောက်ဆုံးထွက်ရှိထားသည့် စစ်တမ်းအရ နို့ဖိုး ဒုက္ခသည် စခန်းတွင် ဒုက္ခသည်ပေါင်း ၁ သောင်းကျော်ရှိကြောင်း သိရသည်။
နို့ဖိုး ဒုက္ခသည်စခန်းအပါအဝင် ထိုင်းမြန်မာ နယ်စပ်တလျှောက်တွင် မြန်မာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး စုစုပေါင်း ဒုက္ခသည် ၁ သိန်းခန့် ကျန်ရှိနေသေးကြောင်း TBC က ၂၀၁၉ ခုနှစ် အတွင်း ထုတ်ပြန်လိုက်သည့် စစ်တမ်း အရသိရသည်။