မြန်မာကို ကုလသမဂ္ဂတွင် ခုံရုံးဖွဲ့ အရေးယူရန် OIC ထောက်ခံ
အစ္စလာမ္မစ်ပူးပေါင်းရေးအဖွဲ့(OIC) က ရိုဟင်ဂျာခေါ် ဘင်္ဂါလီများအရေး နိုင်ငံတကာတရားရုံး(ICJ)တွင် တင်ရန် ဆုံးဖြတ်ချက်တခု တညီတညွတ်တည်း ချမှတ်ခဲ့ကြသည်။
အဆိုပါဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအား လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်သည်ဟုဆိုသော ရာဇဝတ်မှုများအတွက် တာဝန်ခံရန် ကာလရှည်ကြာ ညှိနှိုင်းခဲ့ပြီးနောက် ICJ ကို ဖြတ်သန်းလျက် ဥပဒေကြောင်းအရ ပြန်စိစစ်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဆိုထားသည်။
အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် အဆင့်မြင့်ဝန်ကြီးများကော်မတီနှင့်အတူ အဆိုပါလုပ်ငန်းစဉ်ကို ဂမ်ဘီယာနိုင်ငံက ဦးဆောင်မည်ဖြစ်ကြောင်း ၎င်းကြေညာချက်က ဖော်ပြသည်။ ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်၌ မြို့တော် ဘန်ဂျူလ်တွင် ဂမ်ဘီယာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။
ICJ သည် International Criminal Court (ICC) နှင့် မတူဘဲ ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေး အစိတ်အပိုင်းဖြစ်သည်။ ၎င်းတရားရုံးသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအကြား အငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့် ရှိသော ကုလသမဂ္ဂ အစိတ်အပိုင်းများနှင့် အထူးအေဂျင်စီအဖွဲ့များအတွက် ထင်မြင်ချက်များနှင့် အကြံဉာဏ်များ ပေးရသည်။
အဆိုပါတရားရုံးကို အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့က ရွေးကောက်တင်မြှောက်ပေးသည့် တရားသူကြီး ၁၅ ဦးဖြင့် တည်ထောင်ထားပြီး သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့တွင် ရုံးစိုက်ထားသည်။
ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာတမ်း အခန်း ၁၄ တွင် လုံခြုံရေးကောင်စီကို တရားရုံး ဖွဲ့ပိုင်ခွင့် ပေးအပ်ထားသည်။ သို့သော် ယင်းပြဋ္ဌာန်းပိုင်ခွင့်မှာလည်း လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၏ ဗီတိုအာဏာဖြင့် ကန့်သတ်ထားရာ ထိုအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံတွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အထူးကောင်းမွန်သည့် တရုတ်နှင့်ရုရှားတို့ ပါဝင်သည်။