မန္တလေးမြို့၌ ပထမဆုံး အကြိမ် နိုင်ငံတကာ ကုန်သွယ်မှု ပြပွဲနှင့် စီးပွားရေး ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ပွဲကို မန္တလေး ကွန်ဗင်းရှင်း စင်တာ၌ မတ်လ၂၃ မှ ၂၅ ရက် အထိ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
နိုင်ငံတကာ ကုန်သွယ်မှု ပြပွဲ အခမ်းအနားတွင် မန္တလေးတိုင်း အတွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ၊ ကျောက်မျက် ရတနာ လုပ်ငန်းများ၊ အထည်အလိပ်နှင့် လူသုံးကုန် လုပ်ငန်း ပြခန်းများ ခင်းကျင်း ပြသ မည် ဖြစ်ပြီး စီးပွားရေး ဆွေးနွေးပွဲများတွင် ပြည်တွင်းရှိ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ဆွေးနွေး ဟောပြောကြမည် ဖြစ်သည်။
ယင်းအခမ်းအနားကို မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မန္တလေးတိုင်း အစိုးရ အဖွဲ့၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တို့က ဦးဆောင် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်မှု မိတ်ဖက် နိုင်ငံတခု ဖြစ်သော တရုတ်နိုင်ငံ အပါအဝင် အိန္ဒိယနှင့် ထိုင်းနိုင်ငံက စီး ပွားရေး လုပ်ငန်းရှင်များလည်း လာရောက်ကြမည် ဖြစ်ပြီး ဂျပန်၊ ကိုးရီးယား၊ ဥရောပ၊ ဂျာမနီ စသော နိုင်ငံများမှ လုပ် ငန်းရှင်များကိုလည်း သက်ဆိုင်ရာ သံရုံးများက တဆင့် ဖိတ်ကြားထားပြီး ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။