မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပ ရွှေ့ပြောင်း သွားလာ အလုပ်လုပ်ကိုင်သူ ဦးရေမှာ ၂၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အဆိုပါ ၂၆ ရာခိုင်နှုန်းတွင် ကျေးလက်ဒေသမှ ထွက်ခွာ ရွှေ့ပြောင်းမှု ပိုမိုများပြားကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
မတ်လ ၆ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ အတွင်း ဆင်းရဲ နွမ်းပါးမှု လျှော့ ချရေး နှင့် အားလုံး ပါဝင်သော ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူသား ရွှေ့ပြောင်း သွားလာမှုကို မြှင့်တင်ခြင်း (CHIME) လေ့လာ တွေ့ရှိချက် စာတမ်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးဝင်းရှိန်က ပြောကြားခြင်း ဖြစ်သည်။
ထိုရွှေ့ပြောင်း သွားလာသူများသည် ဝင်ငွေတိုး၍ ရရှိလိုခြင်း၊ လက်ရှိ ဘဝ အဆင့်အတန်းထက် မြင့်မားလိုခြင်း၊ ပိုမို ကောင်း မွန်သော အလုပ်အကိုင်များ ရရှိလိုခြင်း၊ လူမှုဘဝ တိုးတက်ရေး မျှော်မှန်းချက် အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်မှု၊ ရာသီဥတု ပြောင်းလဲမှု၊ ပြည်တွင်းစစ် ဖြစ်ပွားမှုများကြောင့် ရွှေ့ပြောင်းကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ရွှေ့ပြောင်း သွားလာသူများသည် လုပ်ငန်း ကျွမ်းကျင်မှု မရှိကြောင်းလည်း ဦးဝင်းရှိန်က ပြောကြားသည်။
ရွှေ့ပြောင်းသွားလာမှုနှင့် ပတ်သက်သည့် CHIME သုတေသန စီမံကိန်း စစ်တမ်းတရပ် ပြုလုပ်ခဲ့ပြီး ယင်း စစ်တမ်းကို ၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်း ၊ မန္တလေးတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းမှ အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်အား အိမ်ထောင်စု ဆိုင်ရာ စစ်တမ်း ကောက်ယူခြင်း၊ လူတွေ့ မေးမြန်းခြင်း အပါအဝင် ရပ်ရွာ လူထု ဆွေး နွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်တမ်း ကောက်ယူရာတွင် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း(International Organization for Migration-IOM) ၊ ယူကေ တက္ကသိုလ် University Of Sussex ၊ မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ အစိုးရတို့မှ ပူးပေါင်း၍ စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ပြီး သုတေသန ပြုလုပ်ခြင်း အတွက် ရန်ပုံငွေအား အသက်မွေးဝမ်းကျောင်းမှု နှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေ အဖွဲ့ (LIFT) မှ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
LIFT ၏ Programme Officer ဖြစ်သူ Mr.Benjamin Harkins ကလည်း“ရွှေ့ပြောင်း သွားလာတဲ့သူ စာရင်းကို သုတေ သန မလုပ်ဘူး ဆိုရင် ရွှေ့ပြောင်း သွားလာသူတွေရဲ့ အခက်အခဲကို သိဖို့ ဆိုတာ ခက်ခဲပါတယ်။ ဒါတွေကို လျှော့ချဖို့ အတွက် CHIME သုတေသန စာတမ်းကို ပြုလုပ်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
ယခု ကောက်ယူထားသည့် စစ်တမ်းသည် မြန်မာနိုင်ငံရှိ မတူညီသည့် ဒေသများမှ အချက်အလက်များကို စုပေါင်း ထားခြင်း ဖြစ်သဖြင့် နှိုင်းယှဉ်၍ ရကြောင်း၊ ကျားမ အရ၊ လူမျိုးအရ၊ ရွှေ့ပြောင်းသွားလာခြင်း၏ အဓိက အရေးကြီးသည့် အချက်များကို စုဆောင်းမှုများ ပါရှိသဖြင့် ရွှေ့ပြောင်းသွားလာသူများ အတွက် အလွန်အထောက်အကူပြုမည် ဖြစ်ကြောင်း လည်း Mr.Benjamin Harkins က ပြောဆိုသည်။
ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM ၏ Chief Of Mission ဖြစ်သူ Akio Nakayama ကလည်း ပြည်နယ်နှင့် တိုင်းဒေသများကို ရွေးချယ်ရခြင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ခြုံငုံစေလိုကြောင်းနှင့် တကယ့် လက်တွေ့ အပေါ်တွင် မူတည်ပြီး၊ ဖြစ်ပျက်နေသည့် အပေါ်တွင် မူတည်ပြီး၊ ကောင်းမွန်သည့် ရလဒ်များ ရရှိရန်၊ ဆိုးကျိုး များ လျှော့ချနိုင်ရန် တွေ့ရှိချက်များကို စစ်တမ်း ကောက်ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။
Akio Nakayama က“အစိုးဘက်ကလည်း ပူးပေါင်း ပါဝင်တာ ကောင်းပါတယ်။ ဒါပေမယ့် စစ်တမ်း ကောက်ယူတဲ့ တချို့ နေရာ ဒေသတွေမှာ လုံခြုံရေးပိုင်း ဆိုင်ရာ အရ သွားရောက်ဖို့ အခက်အခဲ ရှိတာမျိုး ကြုံရတယ်”ဟုလည်း ပြောသည်။
၁၉၉၀ ပြည့်နှစ်မှ စ၍ ပြည်ပ ၁၈ နိုင်ငံသို့ မြန်မာနိုင်ငံမှ တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ သုံးသန်း ခုနှစ်သောင်း ကျော် ရှိကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။