တရုတ်- မြန်မာ စီးပွားရေး စြင်္ကံ ကိစ္စ အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် နိုင်ငံ ဘေဂျင်းသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်မှာ ဧပြီလအတွင်း သွားရောက်မည် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်ထောင်စု အဆင့် ဝန်ကြီးများ၊ ဒု ဝန်ကြီးများ၊ စီးပွားရေး စြင်္ကံနှင့် ဆက်စပ်နေသည့် တိုင်းနှင့် ပြည်နယ်များက တာဝန်ရှိသူများလည်း ပါဝင်မည်ဟု တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ ပူးတွဲ ကော်မတီ၏ ဒေသ အဆင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အဖွဲ့ ဝင် တဦးက ပြောသည်။
၎င်းက “နှစ်နိုင်ငံ ခေါင်းဆောင် အချင်းချင်း ညှိနှိုင်းစရာ၊ ဆုံးဖြတ်စရာတွေ အတွက် ထပ်တွေ့ကြတဲ့ သဘောပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ခရီးစဉ်နှင့် ပတ်သက်၍ မည်သည့် ခေါင်းစဉ်များအား ဦးစားပေး ဆွေးနွေးကြမည်ကိုမူ မသိရှိရသေးပေ။
ယင်း မတိုင်ခင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နှင့်၂၂ ရက်က တရုတ် နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သော ဒုတိယ အကြိမ် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ ဆိုင်ရာ ဖိုရမ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း ဦး ဆောင်ပြီး ပြည်ထောင်စု အဆင့် ဒု ဝန်ကြီးများ၊ ဒေသ အဆင့် ဝန်ကြီး အချို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဖိုရမ်၌ တရုတ် နိုင်ငံက မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် အဆိုပြုထားသည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ မန္တလေး- မူဆယ် ရထားလမ်း အပြင် ရန်ကုန် မြို့သစ် စီမံကိန်း၊ အခြားလမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင် ကဏ္ဍ၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေး၊ ဘဏ်နှင့် ငွေကြေး ဆိုင်ရာ ကိစ္စတို့အား နှစ်နိုင်ငံ တာဝန်ရှိသူ များက ပဏာမ အဆင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
“တရုတ် နိုင်ငံဘက်က ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်နဲ့ အရမ်းလုပ်ချင်ကြတဲ့ သဘောထား ရှိသလို တပါ တီ စနစ်ဖြစ်တဲ့ အတွက် ပြည်မကြီးရဲ့ဆုံးဖြတ်ချက်ကို ပြည်နယ် အဆင့်တွေကလည်း မူအားဖြင့် လက်ခံ ကြတယ်။ အဲဒီအတွက်လည်း ပြင်ဆင်မှုတွေ လုပ်နေတာတွေ မြင်ခဲ့ရတယ်။ ဒါပေမယ့် နှစ်ဖက် အကျိုးမျှတဖို့ အဓိကထား စဉ်း စားကြရမှာပါပဲ” ဟု တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ ပူးတွဲ ကော်မတီ၏ ဒေသ အဆင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အဖွဲ့ဝင် တဦးက ပြောသည်။