သတင်းတို

မန္တလေးမြို့ နေအိမ် စာရင်းများ ပြန်လည် ကောက်ယူမှု ၉၈ ရာခိုင်နှုန်း ပြီးစီး

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ် စာရင်းများကို ပြန်လည် ကောက်ယူ လျက် ရှိရာ ၉၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူမှုကို အခွန် ဌာန၊ စီမံဌာန၊ မြေယာ ဌာန၊ ရေသန့် ဌာန၊ အဆောက်အအုံ ဌာနတို့မှ တာဝန်ရှိ သူ များ ပါဝင်သည့် ပူးပေါင်း အဖွဲ့နှင့် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီကပြော သည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က“ဘယ်လို စီမံကိန်းပဲ ရေးဆွဲရေးဆွဲ အခြေခံ အကျ ဆုံးနဲ့ မရှိမဖြစ် အဓိက လိုအပ်တာက မြို့ပြနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပါ။ အချက်အလက်တွေက ပြောင်းလဲလေ့ ရှိတော့ Up to date ဖြစ်ဖို့လည်း အရေးကြီးပါတယ်”ဟု ပြောဆိုသည်။

လက်ရှိ ကောက်ယူပြီးစီးသည့် မြို့နယ်များ အနေနှင့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ပြည်ကြီး တံခွန်၊ ချမ်းမြ သာစည် မြို့နယ်တို့ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် နေအိမ် အများစုသည် ယခုအခါ ပြောင်းလဲ ဆောက်လုပ်ထားကြပြီး အခွန်ပေးဆောင်ရာတွင် ပြောင်းလဲ ဆောက်လုပ်ခြင်း မပြုခင်က နှုန်းထားများဖြင့်သာ ပေးဆောင်နေကြသည့် အတွက် အခွန်များ ဆုံးရှုံးမှု ရှိနေသဖြင့် အခွန်စံ နှုန်း ပြည့်မီစွာ ကောက်ခံနိုင်ရေးနှင့် ရရှိလာသော အချက်အလက်များကို အခြေခံ၍ အနာဂတ် စီမံကိန်းများ ရေးဆွဲနိုင်ရေး ရည်ရွယ်၍ နေအိမ်စာရင်းများ ပြန်လည် ကောက်ယူခြင်း လုပ်ငန်းကို လုပ်ဆောင်ခြင်းဟု သိရသည်။

ဦးကျော်ဇောအောင်က“အများဆုံး တွေ့နေရတာက စာရင်းမှာ ထရံကာကနေ လက်ရှိ မြေပြင်မှာတော့ နံကပ်၊ အာစီ၂ ထပ် တိုက်၊ ၃ ထပ်တိုက်အမျိုးအစား ဖြစ်နေတာမျိုးတွေကများပါတယ်။ အဆောက်အအုံတွေ အနေနဲ့ သူ့အမျိုးအစားနဲ့သူ သတ် မှတ် နှုန်းထားတွေရှိပါတယ်။ မြေပြင်မှာ ကောက်ခံနေတာတွေက ထရံကာဈေးနှုန်းတွေ ဖြစ်နေတဲ့အတွက် မြေပြင်မှာ ရှိနေ တဲ့ အဆောက်အအုံ အတိုင်း အခွန်ဆောင်လာအောင် တည့်မတ်ပေးခြင်းသာ ဖြစ်ပါတယ်”ဟု ဆက်လက် ပြောသည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အိမ်များအား နေအိမ် စာရင်း ပြန်လည် ကောက်ယူ ခြင်း လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်က စတင် ကောက်ယူခဲ့ခြင်း ဖြစ်ရာ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက် အထိ ကောက်ယူခဲ့သည့် စာရင်းအရ နေအိမ်ပေါင်း ၂ သိန်း ၅ သောင်း ၆ ထောင်ကျော် (၂၅၆၈၀၅) ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က“မန္တလေး ၆ မြို့ နယ်မှာ မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ အချက်အလက်တွေကို ကောက်ယူခဲ့ရာမှာ ဥပမာ အနေနဲ့ အိမ်ထောင်စု ပေါင်း ၂၅၆၈၀၅ မှာ ဂရန် ရှိတာ ၉၁၂၆၇ နဲ့ ဂရန် မရှိတာ ၁၆၅၅၃၈ အိမ်ရှိတယ် ဆိုတော့ မရှိတာက ၆၄ ဒသမ ၄ ရာခိုင်နှုန်း အထိ ရှိနေတာကို တွေ့ရှိရပါတယ်”ဟု သူ၏ Facebook ၌ ပြောကြားထားသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် စည်ပင် နယ်နိမိတ် အတွင်းရှိ နေအိမ်များ အခွန်ကောက်ခံရာ တွင် ၆လလျှင် တကြိမ် ကောက်ခံနေခြင်းဖြစ်ရာ တကြိမ်နှင့်တကြိမ် ကောက်ခံမှုကြား၌ နေအိမ်တချို့သည် ပြင်ဆင်၊ အသစ် တည်ဆောက်ခြင်းများကို ခွင့်ပြုချက် မယူဘဲ ပြုလုပ်နေကြသည့် အတွက် သတ်မှတ် အခွန်စံနှုန်း အတိုင်း ပြည့်မီ စွာ မရရှိခြင်းကြောင့် အခွန် ဆုံးရှုံးမှု ရှိနေကြောင်း သိရသည်။

ဦးကျော်ဇောအောင်က“ယခင် နေအိမ်စာရင်းရှိက ၁သိန်း ၃ သောင်းကျော်ပဲ ရှိခဲ့တာပါ။ အခု စာရင်း ကောက်လိုက်တော့ ၂ သိန်း ၆ သောင်းနီးပါး ရှိနေတယ်။ အဲဒီတော့ စာရင်းရှိနဲ့ အရမ်း ကွာဟနေတော့ အခွန်စည်းကြပ်နိုင်ခြင်း မရှိတာက ပို များ နေတယ်။ ဒါကြောင့် အဆောက်အအုံ အလိုက် လက်ရှိ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားများ အတိုင်း ကောက်ခံနိုင်ခြင်း မရှိတော့ စည်ပင် အတွက် နစ်နာတယ်”ဟု ပြောသည်။

စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း၌ အဆောက်အအုံများ ပြောင်းလဲ ဆောက်လုပ်ရာတွင် ခွင့်ပြုချက်ယူ၍ ဆောက်လုပ်ရမည် ဖြစ်သော်လည်း မိမိ သေဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ မူလ ပိုင်ရှင်ထံမှတဆင့် ပြန်လည်ဝယ်ယူ၍ အိမ်များကို ပြောင်းလဲ ဆောက်လုပ်ကြသော်လည်း အမည်ပေါက် ပြောင်းလဲခြင်း မပြုလုပ်ကြသည့် အတွက်ကြောင့်လည်း အခွန်များ အလိုအလျောက် ဆုံးရှုံးနေကြောင်း သိရသည်။

မဟာအောင်မြေ မြို့နယ် မာလကာခြံ ရပ်ကွက်မှ ဦးစိုးတင့်က“ကျနော်တို့ဆီကို စည်ပင်ကနေ အိမ်ခွန်ဆိုပြီး ကောက်တာ ရှိ တယ်။ ၆ လခြားလောက် တခါ လာလာကောက်တယ်။ အဲဒါတွေ အပြင် ရေခွန် မီးခွန်လည်း ပေးဆောင်ရတာတွေ ရှိတယ်။ အိမ်ခွန်က တခါကောက်မှ ၁ သောင်းကျော်လေးပါ။ ကျနော့်အိမ်က အရင်က မြေစိုက်၂ ခန်း ပတ်လည်လေးပါ။ အခုတော့ ထရံကာ ၂ ထပ်ပြင်ဆောက်ထားတယ်။ ဒီတခါလာကောက်ရင်တော့ တိုးကောက်မယ်လို့တော့ ပြောသွားတယ်။ တလော ကလည်း စည်ပင်ကနေ စာရင်းတွေ လာကောက်သွားတာရှိတယ်”ဟု ပြောသည်။

ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများနှင့် ပြောင်းလဲ မှုများကို ပြုလုပ်လျက် ရှိပြီး လာမည့် ၂၀၂၀ ပြည့်နှစ် မကုန်မီ ပြီးစီးအောင် လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

ဆက်စပ် ဖတ်ရှုရန် – မန္တလေး စည်ပင် နယ်နိမိတ် အတွင်း နေအိမ်အများစု ဂရန် မရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading