အာဆီယံဒေသတွင်း၌ ပထမဆုံးဖြစ်သော American Business Corner ကို မန္တလေးမြို့တွင် မတ်လ ၁၂ရက် က စတင်ဖွင့်လှစ်ခဲ့သည်။
အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်မည့် နေရာတစ်ခုဖြစ်သော American Business Corner (ABC) ကို အာဆီယံ ဒေသတွင်း နိုင်ငံများအနက် စီးပွားရေးအလား အလာ ကောင်းများစွာ ရှိသော မန္တလေးမြို့မှာ ပထမဆုံးရွေးချယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့ မာစီရယ်က ပြောသည်။
အဆိုပါ ကော်နာကို မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် ဖွင့်လှစ် ထားမည် ဖြစ်ပြီး အမေရိကန်နှင့် မြန်မာ စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍ ပိုမိုတိုးတက် လာရန်အတွက် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ချိတ်ဆက်တွေ့ဆုံနိုင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။
အမေရိကန်စီးပွားရေးကော်နာကို ၂၀၁၂ ခုနှစ်က စတင်ကာ အိန္ဒိယနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမေရိကန် နှင့် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး မိတ်ဖက် လုပ်ဆောင်မှုများ အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကုန်သွယ်ရေး၊ တီထွင် ဆန်းသစ်ခြင်းနှင့် နည်းပညာကဏ္ဍတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအရာရှိက ဆိုသည်။
ယင်းအခမ်းအနားတွင် မန္တလေးတိုင်းအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့ မာစီရယ်နှင့်သံရုံးမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းအတွင်းမှ စီးပွားရေး လုပ်ငန်းရှင် များ တက်ရောက် ခဲ့ကြသည်။