တနင်္သာရီ အပတ်စဉ် ဂျာနယ်တွင် မဲဆွယ်အပြုံး အမည်ရ သရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ထားဝယ် မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း အပေါ် မျှတခြင်း မရှိဟု ဆိုကာ တနင်္သာရီ ဂျာနယ်ဘက်မှ ထားဝယ်ခရိုင် တရားရုံးသို့ ယနေ့ အယူခံဝင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီ အပတ်စဉ် ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “ဒီနေ့ ထားဝယ်ခရိုင် တရားရုံးမှာ အယူခံ တက် တယ်။ အဓိက ကတော့ မြို့နယ် တရားရုံးရဲ့ ဆုံးဖြတ်ချက် အမိန့်က မျှတမှု မရှိဘူး။ တော်တဲ့ မှန်ကန်မှု မရှိဘူးလို့ ယူဆတဲ့ အတွက် အယူခံတက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အယူခံတင်မှုအား လက်ခံ မခံကို လာမည့် မတ်လ၂၉ ရက်တွင် ထားဝယ် ခရိုင်တရားရုံးက အမိန့်ချမှတ်မည် ဟု သိရသည်။
တနင်္သာရီ ဂျာနယ်ကို အပြစ်ရှိသည်ဟု ဆိုကာ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ)အရ ဒဏ်ငွေ ကျပ် ၅ သိန်း ပေးဆောင် ရန် ထားဝယ်မြို့နယ် တရားရုံးက ၂၀၁၉ ဖေဖော်ဝါရီ ၁၈ ရက်တွင် အမိန့် ချခဲ့ခြင်း ဖြစ်သည်။
သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) သည် သတင်း မီဒီယာ ဥပဒေ ပုဒ်မ (၉)ကို ရည်ညွှန်းသည်။
သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ)တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်း ရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ် တဦး၊ အဖွဲ့အစည်း တခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေး ကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ၂၅(ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ် ၃ သိန်း မှ ကျပ် ၁၀ သိန်း အထိ ချမှတ်ခံရမည် ဖြစ်မည်။
၂၀၁၇ နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်း စဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဂုဏ်သိက္ခာ ကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေး ရန် နိုဝင်ဘာ ၂၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထား ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာလ အတွင်းတွင် သတင်း မီဒီယာ ဥပဒေပုဒ်မ ၂၅(ခ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ယင်းသို့ တရားစွဲ ဆိုထားမှုကို ချေဖျက်ပေးရန် တနင်္သာရီ ဂျာနယ်ဘက်မှ တိုင်းဒေသကြီး တရားလွှတ် တော်နှင့် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့သော်လည်း ပလပ်ခံခဲ့ရသည်။
ဦးမျိုးအောင်က အယူခံ တင်ထားမှုနှင့် ပတ်သက်၍ “ဥပဒေ အရ ပေးထားတဲ့ အခွင့်အရေး တိုင်းတော့ အကောင်းဆုံး ကြိုး စားမှာပဲ။ ကျနော်တို့ တနင်္သာရီ ဂျာနယ် တခုတည်း ရင်ဆိုင်ရတယ် ဆိုပေမယ့် ဒါ မီဒီယာ လောက တခုလုံးနဲ့ လည်း သက်ဆိုင်တယ်။ မျှော်လင့်တာကတော့ အကောင်းဆုံးလည်း မျှော်လင့်ထားသလို အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားတယ်” ဟု ဆိုသည်။
ထားဝယ် မြို့နယ် တရားရုံး၏ ယင်းကဲ့သို့ အမိန့် ချမှတ်လိုက်ခြင်းသည် တနင်္သာရီ ဂျာနယ် သာမက မြန်မာ့ သတင်း မီဒီယာ တခုလုံး၏ ရပိုင်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို မျက်ကွယ်ပြုသော စီရင်ချက်ဖြစ်၍ ကန့်ကွက် ရှုတ်ချကြောင်း သတင်း မီဒီယာ အဖွဲ့အစည်းများက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။