ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ အကျဉ်းထောင်အတွင်း၌ ထောင်ဒဏ်ကျခံနေသည့် အကျဉ်း သား အချင်းချင်း စကားများရာမှတဆင့် လူသတ်မှု မတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ဆိုင်ကယ်ခိုးမှုဖြင့် မြောင်းမြထောင်တွင် ထောင်ဒဏ်ကျခံနေရသူ ထွန်းထွန်းဦး (ခ) ဘွတ်ကလုံ (ခ) ချစ်ရအောင်(၂၂) နှစ် အား ထောင်ကျ အကျဉ်းသား သိန်းအောင် (၅၈) နှစ်မှ မိခင်နှင့်ထိခိုက် ဆဲဆို သဖြင့် ထွန်းထွန်းဦးမှ လက်လုပ်သံချွန်ဖြင့် ထိုးနှက်ခဲ့သည့်အတွက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြောင်းမြမြို့မရဲစခန်းထံမှ သိရသည်။
“ထောင်ထဲမှာ တယောက်နဲ့ တယောက် စကားများပြီး သံချွန်နဲ့ ထိုးလိုက်တာဖြစ်တယ်။ သံချွန်က တော့ ထောင်ထဲက ၄ လက်မသံကို ထုထားပြီး ချွန်ထားတဲ့သံချွန်နဲ့ ထိုးလိုက်တာ။ ဒဏ်ရာရတဲ့လူကို ဆေးရုံပို့တော့ လူနာက ဆေးရုံမှာ သေဆုံး သွားတဲ့အတွက် သံချွန်နဲ့ ထိုးနှက်ခဲ့တဲ့ ဘွတ်ကလုံကို လူသတ်မှုနဲ့ အမှုဖွင့်အရေးယူ ထားပါတယ်”ဟု မြောင်းမြမြို့မ စခန်းမှူး ဒုရဲမှူး အောင်ဇော်မင်းက ဧရာဝတီကို ပြောသည်။
တရားခံအဖြစ် စွပ်စွဲခံထားရသူ ထွန်းထွန်းဦး (ခ) ဘွတ်ကလုံ (ခ) ချစ်ရအောင်မှာ အိမ်မဲမြို့တွင် ဆိုင်ကယ်ခိုးမှု ၅ မှု ကျူးလွန်သည့်အတွက် မြောင်းမြထောင်၌ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသူဖြစ်ပြီး သံချွန်ဖြင့် ထိုးနှက် ခံခဲ့ရသူ သိန်းအောင်မှာ မုဒိန်းမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံနေရသူဖြစ်သည်။
အဆိုပါ အကျဉ်းသား ၂ ဦး စလုံးမှာ မြောင်းမြအကျဉ်းထောင်၏ အဆောင် ၃ ၊ အခန်း ၄ တွင် အတူ နေထိုင်ကြသည့် အကျဉ်းသားများဖြစ်ပြီး မတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က စကားများခဲ့သည့် အတွက် ဘွတ်ကလုံက အကျဉ်းသား သိန်းအောင်၏ ဘယ်ဘက်ရင်အုံနှင့် ချိုင်းကြားသို့ သံချွန်ဖြင့် ၂ ချက် ထိုးနှက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သံချွန်ဖြင့် ထိုးနှက်ခဲ့သူ ထွန်းထွန်းဦးအား မြောင်းမြအကျဉ်းထောင်မှ ကြီးကြပ်ရေး အဆင့် ၂ ဖြစ်သူ ကိုရဲမင်းအောင်ထွေးက တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ခဲ့ရာ မြောင်းမြမြို့မ ရဲစခန်းမှ အမှုအမှတ် ၁၆၄/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် စစ်လေးလျှက် ရှိကြောင်း သိရသည်။