စစ်ကိုင်းတိုင်း ဒေသကြီး ကနီ မြို့နယ် အတွင်း၌ အလောင်းတော် ကဿပသို့ သွားရောက်သည့် ဘုရားဖူးယာဉ် တစီး ချောက်ထဲကျ၍ ၅ ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဘုရားဖူးယာဉ်သည် ယနေ့ (မတ် ၁၈) နံနက်ပိုင်း၌ ကနီမြို့နယ် အလောင်းတော် ကဿပ ချောင်းမကြီး အထက် ကပိုင် ကျေးရွာမှ ၁၆ မိုင် ၄ ဖာလုံရှိ ပေ၂၀၀ နက်သည့် ချောက် အတွင်းသို့ ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။
ကနီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “ချောက်ထဲ ထိုးကျ ခဲ့ပြီး ကားပေါ်ပါ လူ ၅ ဦး သေဆုံးတယ်လို့ ကနဦး သိရတယ်။ ဘုရားဖူးကားပါ။ ဘာကြောင့် မှောက်တယ် ဆိုတာလည်း မသိရသေးပါဘူး။ အဓိက လူနာတွေက အရေးကြီးတာမို့ အဲဒါကိုပဲ ဦးစားပေးနေကြပါတယ်” ဟု ပြောသည်။
ဘုရားဖူးယာဉ်ပေါ်တွင် ခရီးသည် ၃၃ ဦးနှင့် ယာဉ်မောင်း ၁ ဦး ယာဉ်နောက်လိုက်၂ ဦး ပါဝင်ပြီး ယာဉ်တိမ်းမှောက် မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကာ ကျား ၄ ဦး မ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကနီမြို့ ဒေသခံ ဦးကျော်ကျော်မိုးက “အလောင်းတော် ကဿပ ချောင်းမကြီး အထက် ချောက်ထဲ ထိုးကျ သွားတာပါ။ ချောင်းကမ်းနား အထိ ရောက်ပါတယ်။ ၃၅ ယောက်လောက် ပါတယ်။ အသင်းကားတွေ လာပြီး ကူညီပေးကြပါတယ်” ဟု ဆိုသည်။
ယာဉ်တိမ်းမှောက်ရာသို့ အနီးဝန်းကျင် ကျေးရွာများမှ လူမှုရေး အသင်း ကားများနှင့် ကူညီပေးကာ ထိခိုက်ဒဏ်ရာ ရရှိသောသူများကို ကပိုင် ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။
ယင်း ယာဉ်တိမ်းမှောက်မှုအား လက်ရှိ အချိန် အထိ အမှုဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း ကနီမြို့နယ် မြို့မ ရဲစခန်းက ပြောသည်။